“စစ်ကိုင်း ဆေးရုံနဲ့ မလှမ်းမကမ်းမှာတော့ သေနတ်တကားကားနဲ့ လုပ်နေတာ အင်အားက ၁၀ ဦးကနေ ၂၀ ဦးကြားဗျ။ ကမ်းနားလမ်းလည်း ပန်းခြံအကျော်မှာ အစောင့်ချပြီး ပိတ်ထားတယ်။ တကယ်ကြီးကြီးမားမား ထိခိုက်တဲ့ အဆောက်အအုံတွေဆို ရဲ၊ တပ်၊ ပျူစောထီးတွေနဲ့ ပိတ်ထားပြီး သာမန်အမှိုက်ရှင်းသလို လုပ်နေတယ် ”
စစ်ကိုင်းမြို့သို့ ရောက်ရှိနေသူတစ်ဦး ဆက်သွယ်မေးမြန်းခြင်း
By ရန်ကုန်ခေတ်သစ်
စစ်ကိုင်းမြို့သည် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသော်လည်း ယမန်နေ့ မတ်လ ၃၀ ရက်နေ့ အထိ ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိရန် အခက်အခဲရှိနေပြီး ပိတ်မိနေသူများကို ရှာဖွေကယ် ဆယ်ရန် အခက်အခဲများစွာ ကြုံတွေ့နေရဆဲဖြစ်သည်။ စစ်ကိုင်း၏ အခြေအနေများနှင့်ပတ်သက်၍ အဆိုပါမြို့တွင် ရောက်ရှိနေသူ တစ်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ စစ်ကိုင်းမြို့ရဲ့ လက်ရှိ နောက်ဆုံးအခြေအနေ သိချင်ပါတယ်။
ဖြေ။ ။ စစ်ကိုင်းမြို့ပေါ်မှာတော့ စည်ပင်နဲ့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေကပဲ အပျက်အစီးတွေကို ဒိုင်ခံရှင်းနေကြရတယ်ဗျ။ ရပ်ကွက်အခြေပြု လူမှုကူညီရေးအဖွဲ့တခုကပြောတာတော့ တခြားနေရာတွေက ကယ်ဆယ်ရေးအဖွဲ့တွေ မလာတဲ့အပြင် ရှိတဲ့အဖွဲ့တွေကတောင် ရွာတွေခွဲပြီး ဆင်းကူရတယ်လို့ ပြောတယ်ဗျ။ စစ်ကိုင်းမှာ သူတို့ရှိတဲ့စာရင်းအရတော့ ငလျင်ကြောင့် ၁၆၄ လောင်း သဂြိုလ်ခဲ့ရတယ်လို့ ပြောတယ်ဗျ။
စစ်ကိုင်းတောင်မှာတော့ ငလျင်ကြောင့် ထိခိုက်တာတွေများတယ်။ မရှင်းနိုင် မထုတ်နိုင်သေးဘူးလို့ပြောတယ်ဗျ။ စစ်ကိုင်းဘက်မှာ ကုန်ကားတွေ အများကြီး ပိတ်မိနေတယ်ဗျ။ စစ်ကိုင်းတံတားအသစ်က အိမ်စီးကား သုံးဘီး ဆိုင်ကယ်တော့ ပေးဖြတ်တယ်ဗျ။ အခုမနက်မှ စခွင့်ပြုတာပြောတယ်ဗျ။ လုံးဝမပြိုကျတဲ့အဆောက်အအုံတွေကလည်း နေဖို့တော့မသင့်ဘူးဗျ။
မေး။ ။မြို့ပေါ် ကယ်ဆယ်ရေးအခြေအနေကော။
ဖြေ။ ။ ကြက်ခြေနီက ထမင်းထုပ်တွေ ဝေနေတာပဲတွေ့ရတယ်ဗျ။ အပျက်အစီးတွေ ပြိုကျအဆောက်အအုံတွေကိုလည်း စည်ပင်နဲ့ ဒေသခံ လူမှုကူညီရေးအသင်းတွေကပဲ ရှင်းနေကြပုံရတယ်ဗျ။ သေချာတာကတော့ စနစ် တကျလေး ကျင့်ပေးထားသူတွေ မပါသလောက်ပဲဗျ။ စစ်ကိုင်းတမြို့လုံးနီးပါးရောက်ခဲ့ပါတယ်။
မေး။ ။ ကယ်တင်လွတ်မြောက်လာသူတွေရောရှိလား။
ဖြေ။ ။ ကယ်တင်လွတ်မြောက်တော့ မမေးမိဘူးဗျ။ ဖြစ်သင့်တာထက် နည်းမယ်လို့ပဲ ခန့်မှန်းမိတယ်ဗျ။
မေး။ ။ စစ်ကိုင်းစစ်ကောင်စီဘက်က ဘာတွေလုပ်ပေးနေတာမြင်ခဲ့လဲ။
ဖြေ။ ။ လမ်းပိတ်….။ ဟိုမဖြတ်ရ ဒီမဖြတ်ရ တားထားတာတွေဗျ။ ဆေးရုံသွားမယ့် ဝန်ထမ်းတွေတောင် သူတို့ဆေးရုံသွားမယ့်အကြောင်း ဝန်ထမ်းဖြစ်ကြောင်း အတော်လေး ပြောရတယ်ဗျ။
မေး။ ။စစ်ကိုင်းတမြို့လုံး ပိတ်ဆို့ထားတာမျိုးလား။
ဖြေ။ ။ တမြို့လုံးတော့ မဟုတ်ဘူးဗျ။ သူတို့ ဖုံးကွယ်ချင်တဲ့နေရာတွေ အဓိကဖြစ်မယ်ဗျ။ ပြီးတော့ တကယ်ကြီးကြီးမားမား ထိခိုက်တဲ့ အဆောက်အအုံတွေဆို ရဲ၊ တပ်၊ ပျူစောထီးတွေနဲ့ ပိတ်ထားပြီး သာမန်အမှိုက်ရှင်းသလို လုပ်နေတယ်ဗျ။ သူတို့ ပုံမှန်နေရာယူနေကျ နေရာတွေအပြင် ကြီးကြီးမားမားထိခိုက်တဲ့ အဆောက်အအုံတွေ လူအသေအပျောက်ရှိနိုင်တဲ့ အဆောက်အအုံတွေရဲ့ လမ်းထိပ်တွေမှာဗျ။
မေး။ ။ တပ်အင်အား၊ ရဲအင်အား၊ ပျူအင်အား ဘယ်လောက်မြင်ခဲ့လဲ။ တမြို့လုံးအနေအထားပေါ့။
ဖြေ။ ။ ဆေးရုံနဲ့ မလှမ်းမကန်းမှာတော့ သေနတ် တကားကားနဲ့ လုပ်နေတာ ၁၀ကနေ ၂၀ကြားဗျ။ နောက် တနေရာမှာလည်း နှစ်ဖက်ပေါင်း ၅၀ ဝန်းကျင်ရှိမယ်ဗျ။ သူတို့ဘက်ကတော့ အင်အား အပြည့်ပဲ ။ မကယ်ဘဲ လုံခြုံရေးယူထားတာက အင်အားမလျှော့ဘူးဗျ။ ရစ်တဲ့ ငွေရှာတဲ့ ဒီဂရီကိုသာ မတတ်သာလို့ လျှော့ထားရတဲ့ပုံဗျ။
မေး။ ။ တပ် ရဲ နဲ့ ပျူတွေဘက်က ရှာဖွေကယ်ဆယ်ရေး ဝင်လုပ်တာမျိုးကော တွေ့ရလား။
ဖြေ။ ။ မတွေ့ဘူးဗျ။ လုံခြုံရေးယူပေးတာမျိုးဘဲ တွေ့တယ်ဗျ။
မေး။ ။သူတို့နားထိ သွားခဲ့သေးလား သူတို့ဘက်က စစ်ဆေးမေးမြန်းတာမျိုးရှိလား ဘာလို့လုံခြုံရေးချထားတယ်လို့မြင်လဲ။
ဖြေ။ ။ ပြည်သူတွေကတော့ သူတို့ကို ရွံကြောက်ပဲဗျ။ ဘာလို့ လုံခြံရေးထားလဲဆိုရင် သူတို့ အာဏာ တည်မြဲရေးနဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ပဲဖြစ်ရမယ်ဗျ။ ဥပမာ ထိခိုက်မှုကို လိမ်ဖို့…..။ မသေမရှင်ဖြစ်နေနိုင်သူတွေကိုလည်း
အသက်ရှင်ခြင်း မရှင်ခြင်းထက် လူမသိဘဲ သူတို့ ရှင်းထုတ်နိုင်ဖို့ဘဲ ဖြစ်မယ်ဗျ
မေး။ ။ စစ်ကိုင်းမြို့ထိခိုက်မှုအနေအထားကရော။
ဖြေ။ ။၈၀ ရာခိုင်နှုန်းက ထိခိုက်တာဖြစ်နိုင်တယ်။ ပြိုကျနေတာတွေက ပြိုကျတော့မှာတော့ မဟုတ်လောက်ဘူးဗျ။
မေး။ ။ အပုပ်နံ့တွေ ရခဲ့သေးလား။
ဖြေ။ ။ အပုပ်နံ့တော့ မရခဲ့ဘူးဗျ။ (လူတွေလည်း) ကြည့်ကို မကြည့်အားကြတော့ဘူးဗျ။ သူတို့လည်း တထိတ်ထိတ်နဲ့ဗျ။ ကူဖို့ကလည်း မလွယ်လောက်ဘူး၊ ပျူနဲ့ စစ်ခွေး၊ ရဲခွေးက မှတ်ထားပြီး ပြဿနာရှာနိုင်သလို အ ဆောက် အဦးပျက်တွေကို ဖယ်ဖို့ကလည်း မလွယ်ဘူးဗျ။ ဆေးရုံးနဲ့ မလှမ်းမကမ်းမှာတော့ သေနတ်တကားကားနဲ့ လုပ်နေတာ ၁၀ကနေ ၂၀ကြားဗျ။ ကမ်းနားလမ်းလည်း ပန်းခြံအကျော်မှာ အစောင့်ချပြီး ပိတ်ထားတယ်ဗျ။
ဓာတ်ပုံ- စစ်ကိုင်းမြို့မဗလီ၊ မြို့တော်ဗလီ၊ မိုးကျဗလီဝတ်ကျောင်းတော်များ ငလျှင်ဒဏ်ကြောင့်ပြိုကျမှုကြောင့်သေဆုံးခဲ့ရသူတချို့၏အလောင်းများ။
စစ်ကိုင်းတွင် PDF များ ဝင်လာမည်ဆိုသော လုံခြုံရေး စိုးရိမ်ချက်ဖြင့် စစ်တပ်က ကယ်ဆယ်ရေးအဖွဲ့များကို ပိတ်ပင်ထားပြီး ကယ်ဆယ်ရေးလုပ်မည်ဆိုလျှင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ ထံမှ ခွင့်ပြုချက် ယူရမည်
ရန်ကုန်၊ မတ် ၃၁
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် PDF များ ဝင်လာမည်ဆိုသော လုံခြုံရေး စိုးရိမ်ချက်ဖြင့် စစ်တပ်က ကယ် ဆယ်ရေးအဖွဲ့များကို ပိတ်ပင်ထားကြောင်း စစ်ကိုင်းမြို့တွင် ရောက်ရှိနေသည့် ကယ်ဆယ်ရေးပရဟိတအဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကိုင်းတွင် ကယ်ဆယ်ရေး လုပ်မည်ဆိုပါက စစ်ကိုင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ တပ်ရင်းတို့ထံမှ ခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်မည့် သူများ၏ ကိုယ်ရေးရာဇဝင်၊ ကူညီမည့်ပစ္စည်းအရေအတွက်၊ မည်သည့်လမ်းကြောင်းမှ ရရှိသည့် ငွေကြေး၊ စစ်တပ် အပါအဝင် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆိုသော စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ကြောင်း သိရှိရသည်။
“ခွင့်ပြုချက်မရှိရင် ကူခွင့်မရှိဘူး။ ဘာတွေကူမလဲ။ ဘယ်သူတွေပါမလဲ။ ဘယ်ကလာတာလဲ စသည်ဖြင့်ပေါ့။ လုံခြုံရေး စိုးရိမ်ချက်အတွက် အဓိက လို့ ပြောတယ်။ လုံခြုံရေးအရ စိတ်ချရတဲ့ အနေအထားမဟုတ်ဘူးလို့ လည်းပြောတယ်” ဟု ကယ်ဆယ်ရေးပရဟိတအဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်က ဆေးရုံနှင့် မြို့နယ်ထွေအုပ်ရုံးများတွင် လုံခြုံရေ တိုးမြှင့်ချထားကြောင်း သိရှိရသည်။
“ဆေးရုံနဲ့ မလှမ်းမကမ်းမှာတော့ သေနတ်တကားကားနဲ့ လုပ်နေတာ ၁၀ကနေ ၂၀ကြားဗျ။ ကမ်းနားလမ်းလည်း ပန်းခြံအကျော်မှာ အစောင့်ချပြီး ပိတ်ထားတယ်ဗျ”ဟု စစ်ကိုင်းမြို့တွင် ကယ်ဆယ်ရေးရောက်ရှိနေသူက ပြောဆိုသည်။
လတ်တလော စစ်ကိုင်းအခြေစိုက် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက် လုပ်ဆောင်လျက်ရှိသော်လည်း စစ်ကိုင်းတိုင်းတစ်ခုလုံးကို မလွှမ်းခြုံနိုင်ကြောင်း၊ အဆောက်အအုံ အပျက်အစီးများအောက်တွင် ပိတ်မိနေသော ပြည်သူများအတွက် ကယ်ဆယ်ရေး လုပ်ရန် အချိန်မှာ နည်းပါးလာနေပြီဖြစ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့များက ဆိုကြသည်။
ဓာတ်ပုံ- စစ်ကိုင်းမြို့လယ်ခေါင်တွင် စစ်တပ်က တားဆီးပိတ်ဆို့ထားစဉ်။
Photo By Khit Thit Media ။