စစ်ကိုင်းမြို့ငလျင် သေဆုံးသူ ၆၀၀နီးပါးရှိလာ၊ ရုပ်လောင်းများရှင်းလင်းရေး အခက်ကြုံ
မတ်-၃၀၊၂၀၂၅။ဇော်ရမ်း/People’s Spring
စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့်သေဆုံးသူဦးရေ အဆမတန်မြင့်တက်လာပြီး ယနေ့(မတ်လ ၃၀ရက်) မွန်းလွဲ ၃နာရီခန့်အထိ သေဆုံးသူ ၆၀၀နီးပါးရှိလာပြီဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
” အခြေအနေက နာရီနဲ့အမျှ ဆိုးနေတာပါ။ ပျောက်ဆုံးတာတွေလည်း များတယ်။ အခု နေ့ခင်းအထိကို သေဆုံးသူ ၆၀၀နားနီးနေပြီ”ဟု မြေပြင်၌ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။
ဒေသခံတစ်ဦးကလည်း စစ်ကိုင်းမြို့ပေါ်အခြေအနေမှာ အလွန်ဆိုးနေပြီ အပုပ်နံ့များထွက်နေကြောင်း အသိပေးထားသည်။
“ထုတ်စရာက အရှင်မကျန်တော့ဘူးဗျ။ ကရိန်းကားနဲ့ဘူဒိုဇာတေနဲ့ဖြိုချကော်ထုတ်။ အဲ့လိုမှပဲ ခရီးကတွင်တော့မှာ။ မင်းလမ်းထဲမှာဆိုပုတ်နေတာ အနံ့တွေ တအားထောင်းနေပြီ။ ကယ်ဆယ်ရေးနဲ့မီးသတ်တွေလည်းပင်ပန်းနေကြပြီ။ ရေကစပြတ်နေပီဗျ။ စားဖို့လည်းချက်လို့ရတဲ့အိမ်တွေက ကျွေးမှပဲ။ စစ်ကိုင်းမြို့က ကြေပီဗျ ရင်နာနာနဲ့ပဲပြောရတာ”ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။
စစ်ကိုင်းမြို့ငလျင်ဘေးသည် ပျက်စီးမှု အလွန်များပြားပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု စစ်ကိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားသည်။
” ခုလက်ရှိ စစ်က်ိုင်းမြို့အနေထားအရ အကူညီအရမ်းလ်ို အပ်နေပါတယ်။ တံတားတွေလည်း ကျိုးထားတော့ မန္တလေးဘက်ကအကူညီဝင်ဖို့တောင် အခက်ခဲရှိနေပါတယ်။အစားအသောက်ဆေးဝါး ဘာမှဝယ်မရပါ။ အသေအပျောက်လည်းများပြီး ဆေးရုံကလည်းအစတည်းက သေးတဲ့အတွက်လူနာတွေအတွက်မလုံလောက်ပါ”ဟု စစ်ကိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီက ယနေ့ (မတ်လ၃၀ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
” ပိပြီး သေနေတဲ့DBတွေကနေ အပုပ်နံ့တွေလည်းထွက်လာပီဖြစ်တဲ့ အတွက်ပတ်ဝန်းကျင်အနီးနားရှိလူများပါရေရှည်ကျန်းမာရေးတွက် ထိခိုက်လာနိုင်ပါတယ်။မြို့လေးမှာရှိတဲ့ ပရဟိတအသင်းများနဲ့မလုံလောက်ပါ ကိုယ်ထူကိုယ်ထစွမ်းသလောက်သာ ကယ်ဆယ်နေရတဲ့အတွက် အချိန်ကြာမြင့်လေ ပိုဆိုးရွာလာနိုင်တဲ့အနေထားဖြစ်နေပါတယ်”ဟု အသိပေးထားသည်။
စစ်ကိုင်းမြို့သည် မတ်လ ၂၈ရရက်ကလှုပ်သည့် ငလျင်ဗဟိုချက်နှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။
(စစ်ကိုင်းမြို့၌ ရှာဖွေကယ်ဆယ်ရေးလုပ်နေသူများက သေဆုံးနေသည့် ရုပ်အလောင်းအား သယ်ထုတ်လာစဉ်။ ဓာတ်ပုံ – CJ)
စစ်ကိုင်းမြို့ပေါ်တွင် ပြိုကျပျက်စီးနေသော နေအိမ်နှင့်အဆောက်အအုံများအောက်မှ အပုတ်နံ့များထွက်လာပြီး ကူညီကယ်ဆယ်ရေးမှာ တစ်မြို့လုံး မလွှမ်းခြုံနိုင်သေး
ရန်ကုန်၊ မတ် ၃၀
စစ်ကိုင်းမြို့ပေါ်တွင် ပြိုကျပျက်စီးနေသော နေအိမ်နှင့်အဆောက်အအုံများအောက်မှ အပုတ်နံ့များထွက်လာပြီး ကူညီကယ်ဆယ်ရေးမှာ တစ်မြို့လုံး မလွှမ်းခြုံနိုင်သေးကြောင်း စစ်ကိုင်းမြို့တွင် ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ဒီဘက်ကို လာနိုင်တဲ့ နိုင်ရာအဖွဲ့တွေနဲ့ ဒေသပြည်သူတွေပဲ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်နေရတာ။ တရုတ်အဖွဲ့တော့လာမယ် ဘာညာတော့ကြားတယ်။ ဒါပေမယ့် မမြင်ရသေးဘူး။ အောက်မှာ ပိတ်မိနေသူတွေထဲမှာ အချိန်မီ မကယ်နိုင်လို့ သေတဲ့လူတွေလည်း သေကုန်ကြပြီ။ ပထမ အသံလောက်ပေးသေးတယ်။ နောက်တော့ ဘာသံမှ ထပ်မကြားရတော့ဘူး။ နောက်တစ်ခုက စစ်ကိုင်းတံတားအသစ်က ကားသေးနဲ့ ဆိုင်ကယ်ပဲ ပေးဖြတ်တယ်။ ကရိန်းကားကြီးတွေ ပေးမဖြတ်ဘူး။ အဲဒီတော့ ကယ်ဆယ်ရေးက အရမ်းခက်နေတယ်။ ရှိသလောက် စက်ကြီးတွေနဲ့တော့ ရတဲ့နေရာတွေ ရှင်းလင်းကယ်ဆယ်ဖို့ လုပ်ကြတယ်။ တစ်မြို့လုံးတော့ မလွှမ်းခြုံနိုင်ဘူး” ဟု ကယ်ဆယ်ရေးသမားက ရှင်းပြသည်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် အရေးပေါ် ကယ်ဆယ်ရေးများ လိုအပ်နေပြီး ပိတ်မိနေသူများရှိနေဆဲဖြစ်ကြောင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်းမြို့သည် ၈၀ ရာခိုင်နှုန်း ပြိုကျပျက်စီးခဲ့ပြီး ကယ်ဆယ်ရေး မလုပ်နိုင်သေးသော နေရာအများအပြားရှိနေကာ ပိတ်မိနေသူများလည်း ရှိနေဆဲဖြစ်သည်။
လက်ရှိချိန်ထိ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးမှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေပြီး ပျက်စီးမှု အခြေအနေ၊ လူအင်အားနှင့် ကယ်ဆယ်ရေး ပစ္စည်းများ မပြည့်စုံ သောကြောင့် အရေးပေါ် ကယ်ဆယ်ရေးများ လိုအပ်နေခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
“ကယ်ဆယ်ရေးက ရှိသမျှအားနဲ့ အကုန်လုံး ဝိုင်းလုပ်နေတာပါ။ ပျက်စီးမှုက အရမ်းများတော့ လူမနိုင်တာ ကယ်ဆယ်ရေး ပစ္စည်းတွေလည်း မပြည့်စုံဘူး။ စစ်ကိုင်းမြို့က တော်တော် အခြေအနေ ဆိုးနေပါတယ်။ ကယ်ဆယ်ရေးတွေ မနိုင်ဖူး ဖြစ်နေတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
မီးသတ်ဦးစီးဌာနကမူ ပိတ်မိနေသူ ၃၆ ဦးကို အား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၈၈ ဦးတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားကြောင်း သတင်းထုတ်ပြန်သည်။
စစ်ကိုင်းမြို့ပေါ်တွင် ငလျင်ကြောင့် ပါရမီရပ်ကွက် မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း ၊ လူနေအိမ်များ ၊ ရင်ခွင်သစ် KTV ၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ.ထ.က) (၁) စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေ ကွန်ပျူတာဆိုင် ၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း ၊ မင်းလမ်းရပ်ကွက်ရှိ မြို့မဗလီ၊ မိုးကျဗလီ၊ မွှေးကြူအအေးဆိုင်၊ စက်ချုပ်ဆိုင် ၊ စိန်ကုန်းရပ်ကွက်ရှိ လေးကျွန်းမြေအုတ်ကျောင်း၊ ကုန်မာဆိုင် ၊ မိုးဇာရပ်ကွက်ရှိ ခရိုင်ပြန်ဆက်ရုံး၊ ဇေယျာကွက်သစ်ရပ်ကွက်ရှိ အင်ကြင်းပင်ကျောင်း၊ တကောင်းရပ်ကွက်ရှိ နေလဂျုံစက်၊ ဆေး ရွက်ကြီးပွဲရုံ၊ မြို့သစ်ရပ်ကွက်ရှိ သီလရှင်ကျောင်း၊ သကျမိတာစာသင်တိုက် သောတာပန်ရပ်ကွက်ရှိ ထွဋ်ခေါင်ကျောင်း၊ ရတနာသိင်္ခစာသင်တိုက်၊ ဇမ္ဗူဒီပကျောင်းတိုက်၊ တိုက်ဝါကြီးဘုန်းတော်ကြီးကျောင်းတိုက်တို့မှာ ပြိုကျပျက်စီးခဲ့ပြီး တစ်မြို့လုံးနီးပါး ပျက်စီးမှုများရှိနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- CJ