စစ်ကိုင်းတွင် သေဆုံးသူများအပုပ်နံ့ထွက်နေပြီး အရေးပါ်အကူညီမှုများ လိုအပ်နေ
ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်
စစ်ကိုင်းပြတ်ရွှေ့မှလှုပ်ခတ်သည့် အင်အားပြင်းထန်သောငလျင်ဗဟိုချက်မကျရာ စစ်ကိုင်းမြို့တွင် အဆောက်အဦပြိုကျပျက်စီးမှုကြောင့် သေဆုံးသူများသည် အပုပ်နံ့များထွက်နေပြီး ကူညီကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် လူအသေအပျောက်များပြီး အလောင်းများပုပ်နံ့ထွက်နေကြောင်း၊ ထိခိုက်လူနာအရေအတွက်များသဖြင့် ခက်ခဲနေကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ယနေ့ ရေးသားထားသည်။
ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့တစ်မြို့လုံးနီးပါး ပျက်စီးပြိုကျမှုများဖြစ်ပွားခဲ့ပြီး သေဆုံးသူအများအပြားရှိကာ မတ် ၂၉ ရက်နေ့အထိ ၁၈၆ ဦးကို သဂြိုဟ်ထားပြီး ဖြစ်ကြောင်း မြေပြင်အဖွဲ့များက ဧရာဝတီတိုင်းမ်ကို ပြောဆိုထားသည်။
ထို့ပြင်စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများပြိုကျပြီး ကယ်ဆယ်ရေးများ လိုအပ်နေကြောင်းသိရသည်။
“အစားအသောက်နဲ့ ဆေးဝါး ဘာမှဝယ်မရပါဘူး။ မြို့မှာရှိတဲ့ ပရဟိတအသင်းများနဲ့ မလုံလောက်ပါဘူး။ ကိုယ်ထူကိုယ်ထစွမ်းသလောက် ကယ်ဆယ်နေရတဲ့အတွက် အချိန်ကြာမြင့်လေ ပိုဆိုးရွာလာနိုင်တဲ့အနေထားဖြစ်နေပါတယ် ” ဟု စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။
စစ်ကိုင်းတောင်ပေါ်ရှိ ဆွမ်းဦးပုညရှင်စေတီတော်အလုံးစုံထိခိုက်ပျက်စီးသွားရပြီး မင်းကွန်းရှိ မြသိန်းတန်စေတီတော်ပြိုကျကာ မင်းကွန်းပုထိုးတော်ကြီး အက်ကွဲမှုများရှိကြောင်းသိရသည်။
စစ်ကိုင်းကိုဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ငလျင်လှုပ်ခတ်သည့် မတ်လ ၂၈ ရက်နေ့မှစတင်ကာ မန္တလေး – စစ်ကိုင်းမြစ်ကူးတံတားပိတ်ထား၍ အကူညီဝင်ရောက်မှုနည်းပြီး ငလျင်ဘေးဒဏ်သင့်သူများပိုမိုခက်ခဲနေခြင်းဖြစ်သည်။
“မန္တလေးက တစ်မြို့လုံးပျက်စီးထားတာ။ စစ်ကိုင်းဘက်ကိုလည်း မလာနိုင်ဘူး။ ကယ်ဆယ်ရေးတွေ မလာနိုင်တော့ အပျက်အစီးတွေကိုပဲ ထိုင်ကြည့်နေရတယ်။ မြို့ပေါ်က အိမ်တွေအကုန်နီးပါးပြိုတယ်။ ဗလီတွေလည်းပြိုတယ်။အောက်မှာ ပိနေတဲ့လူတွေ ရှိတယ်ဗျာ။ လက်လှမ်းမီသလောက် သေဆုံးသူက ၆၀၀ ကျော်တယ်။ ကယ်ဆယ်ရေးတွေလည်းမရှိတော့ သေချာမပြောနိုင်ဘူးဖြစ်နေတာ။ ဆက်သွယ်ရေးတွေလည်း မရဘူးဗျ။ ဒါခုပထမဆုံး လိုင်းရတာ။ ကူညီကြပါဦးဗျာ”ဟု စစ်ကိုင်းမြို့ပေါ်နေ အမျိုးသားတစ်ဦးက မတ် ၂၉ ရက်နေ့က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ငလျင်ဖြစ်ပွားသည့်နေ့တွင် နေပြည်တော်ကိုကြည်ရှူ့ခဲ့ပြီး ဖြစ်ပွားပြီးဒုတိယနေ့တွင် မန္တလေးသို့သွားရောက်ကြည့်ရှူ့ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ မန္တလေးမြို့နှင့် နီးကပ်စွာတည်ရှိသည့် စစ်ကိုင်းမြို့သို့ မတ် ၃၀ ရက်မနက်ပိုင်းအထိ သွားရောက်ခြင်းမရှိကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်ကိုင်းအကူညီလိုအပ် #ငလျင်၇.၇ #လူသေဆုံးမှု #ထိခိုက်ပျက်စီးမှုများ #ရှေးဟောင်းယဉ်ကျေမှုအမွေအနှစ်
#Ayeyarwaddy_Times