နေပြည်တော်နှင့် တပ်ကုန်းရှိ ဝန်ကြီးဌာနရုံးများနှင့် ဝန်ထမ်းအိမ်ရာများ ငလျင်ဒဏ်ကြောင့် ပြိုကျပြီး သေဆုံးသူ ဝန်ထမ်း ၂၃၀ ကျော်သို့ မြင့်တက်လာ၊ အမြဲတမ်းအတွင်းဝန် ဒုဗိုလ်မှူးကြီးဟောင်း ညွန့်ဝင်း သေဆုံး 🟥နေပြည်တော် ဝန်ထမ်းနှင့် မိသားစုများ လမ်းပေါ်တွင်သာ နေထိုင်ညအိပ်နေရ

by

in

နေပြည်တော်နှင့် တပ်ကုန်းရှိ ဝန်ကြီးဌာနရုံးများနှင့် ဝန်ထမ်းအိမ်ရာများ ငလျင်ဒဏ်ကြောင့် ပြိုကျပြီး သေဆုံးသူ ဝန်ထမ်း ၂၃၀ ကျော်သို့ မြင့်တက်လာ၊ အမြဲတမ်းအတွင်းဝန် ဒုဗိုလ်မှူးကြီးဟောင်း ညွန့်ဝင်း သေဆုံး
🟥နေပြည်တော် ဝန်ထမ်းနှင့် မိသားစုများ လမ်းပေါ်တွင်သာ နေထိုင်ညအိပ်နေရ
ရန်ကုန်၊ မတ် ၃၀

နေပြည်တော်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ ဝန်ကြီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ရာတွင် ငလျင်ဒဏ်ကြောင့် အဆောက် အအုံပြိုကျမှု များစွာဖြစ်ပေါ်ပြီး သေဆုံးသူ ဝန်ထမ်း ၂၃၀ ကျော်အရေအတွက်သို့ မြင့်တက်လာကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း နေပြည်တော် အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြိုကျခဲ့ရာတွင် အမြဲတမ်းအတွင်းဝန် ဒုဗိုလ်မှူး ကြီးဟောင်း ညွန့်ဝင်းမှာ ဒဏ်ရာရရှိပြီး သေဆုံးသွားခဲ့ကြောင်း ၊ အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်း အများအပြားလည်း ဒဏ်ရာရရှိကြောင်း၊ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတချို့နှင့်ဝန်ထမ်းများလည်း ဒဏ်ရာရရှိကြောင်း ၊ အခြားသော ဝန်ကြီးဌာနရုံးများတွင်လည်း ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ များပြားကြောင်း သိရှိရသည်။
“နေပြည်တော် ဝန်ထမ်းအိမ်ရာမှာကတော့ သေဆုံးတာ ၂၀၀ ကျော်နေပါပြီ။ တပ်ကုန်းမှာလည်း သေဆုံးတာ ၃၀ ကျော်ရှိနေပြီ။ သေဆုံးမှုများကတော့ ဝန်ထမ်း အိမ်ရာတွေမှာ ပြိုကျပြီး သေဆုံးမှုတွေပါ။ ဒဏ်ရာရရှိသူတွေလည်း ဖြစ်သလိုပဲ ဆေးကုသမှု လုပ်နေရတယ်။ သူ့ထက်ငါ စိုးရိမ်ရတဲ့သူတွေချည်းပါပဲ” ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအားလုံးမှာ လမ်းများပေါ်တွင်သာ နေထိုင် အိပ်စက်ကြပြီး ဝန်ထမ်းအိမ်ရာအများစုမှာ နေထိုင်ရန် မသင့်တော်တော့သည့် အခြေအနေသို့ ရောက်ရှိသွားကြောင်း သိရှိရသည်။
“ဝန်ထမ်းအိမ်ရာတွေအားလုံးက ပြိုတဲ့ဟာတွေပြိုတယ်။ မပြိုတဲ့ဟာတွေလည်း တိုက်တွေ စောင်းကုန်တာ။ ဘင့်တန်းတွေ ကွဲအက်ကုန်တာတွေ ရှိတော့ လူနေဖို့တော့ မသင့်တော်ဘူး။ မိသားစုတွေနဲ့ ဝန်ထမ်းတွေက အက်ကွဲစောင်းနေတဲ့ တိုက်တွေမှာ လိုအပ်တာလေးတွေ ဝင်ယူ။ နေတာနဲ့ အိပ်တာက အပြင်မှာပဲ ဖျာခင်းပြီး နေကြ အိပ်ကြရတယ်။ အိမ်သာတက်တဲ့အချိန် ခဏ ပြန်ပြေးတက်။ အိမ်ရာတွေမှာတော့ နေဖို့ မသင့်တော်တော့ဘူး။ လာမယ့်တနင်္လာနေ့ ရုံးတွေ တက်ဖို့တောင် ခက်မယ်” ဟု နေပြည်တော်မှ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။