ရေစကြိုနဲ့ ချောင်းဦးအစပ်က ရွာကို စစ်အုပ်စု စီနင်းပြီး PDF တစ်ဦးနဲ့ ဒေသခံ သုံးဦးကို သတ်ဖြတ်၊ ပြည်သူသုံးဦးကိုလည်း PDF မို့ သတ်တာလို့ စစ်အုပ်စုက ဝါဒဖြန့်၊

ရေစကြိုနဲ့ ချောင်းဦးအစပ်က ရွာကို စစ်အုပ်စု စီနင်းပြီး PDF တစ်ဦးနဲ့ ဒေသခံ သုံးဦးကို သတ်ဖြတ်၊
ပြည်သူသုံးဦးကိုလည်း PDF မို့ သတ်တာလို့ စစ်အုပ်စုက ဝါဒဖြန့်၊
ကိုထူး/MFP၊ ဇွန်-၁၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်အစပ်၊ ရေစကြိုနယ် ခုနှစ်ပင်ကျေးရွာကို ဇွန်(၉)ရက် မနက်ပိုင်း စစ်အုပ်စုက ရုတ်တရက် ဝင်ရောက် စီးနင်းကာ ကင်းစောင့်နေတဲ့ PDF တစ်ဦးကို ဖမ်းဆီး သတ်ဖြတ်သလို ဒေသခံ သုံးဦးကိုလည်း သတ်ဖြတ်ပြီး PDF လေးယောက်ကို သတ်လိုက်တာလို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်။
ဇွန်(၉)ရက် မနက်(၇)နာရီက ရေစကြိုမြို့ စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း – ခလရ (၂၅၇)နဲ့ ခလရ (၂၅၈) ကနေ ထွက်လာတဲ့ အင်အား(၈၀)ခန့်ပါ စစ်အုပ်စုဟာ ဇီးတော‌ကျေးရွာ ပျူစခန်းကတဆင့် နှစ်မိုင်ခန့်အကွာမှာ ရှိတဲ့ ခုနှစ်ပင် ကျေးရွာကို ရုတ်တရက် ပစ်ခတ်စီးနင်းပြီး ကင်းစောင့်နေတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးနဲ့ ဒေသခံ သုံးဦးကို သတ်ဖြတ်တာလို့ ဆိုပါတယ်။
အဲ့ဒီ ကျေးရွာမှာ ကင်းစောင့်နေတဲ့ တော်လှန်ရေး ရဲဘော် လေးဦး ရှိပြီး စစ်အုပ်စု ရုတ်တရက် စီးနင်းချိန် သုံးယောက်က ထွက်ပြေး လွတ်မြောက်ကာ တစ်ဦးသာ ကျဆုံးပြီး လက်နက်တွေကတော့ လေးလက် ဆုံးရှုံး တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
လက်နက်လေးလက် ရရှိသွားတဲ့ စစ်အုပ်စုက ဒေသခံ အမျိုးသား သုံးဦးကို သတ်ဖြတ်ကာ PDF လေးဦးနဲ့ လက်နက် လေးလက်ရကြောင်း သတင်းမှားဖြန့်တာလို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။ ‌
“ရွာထဲ နေနေကြတဲ့အချိန်မှာ ခွေးတွေက ဝင်ပစ်ခံလိုက်ရတာ။ တစ်ယောက်ကတော့ ကျည်မှန်ပြီး လက်နက်နဲ့ နေရစ်ခဲ့တာပေါ့။ ကျန်တဲ့ အဲဒီ ကလေး(PDFရဲဘော်) သုံးယောက်ကတော့ လက်နက်တွေ ပစ်ပြီး ထွက်ပြေး လာတာပေါ့”
အဲ့ဒီ ခုနှစ်ပင်ကျေးရွာဟာ ရေစကြိုနယ်ထဲ ပါဝင်ပေမယ့် ချောင်းဦးမြို့နဲ့ ပိုမိုနီးကပ်တဲ့ရွာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ဖုန်းရော၊ အင်တာနက်ပါ ဖြတ်တောက်ထားပြီး ဒေသခံပြည်သူတွေလည်း ဝရုန်းသုန်းကား ထွက်ပြေး နေရဆဲမို့ စစ်အုပ်စု သတ်ဖြတ်သွားတဲ့ ဒေသခံ သုံးဦးဟာ ခုနှစ်ပင်ရွာခံ ပြည်သူတွေလား၊ ပျူစခန်းကနေ ဖမ်းခေါ်လာသူတွေလား ဆိုတာ အတိအကျ မသိရသေးသလို ဘယ်သူဘယ်ဝါ ဆိုတာလည်း အတည်ပြုဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
အဲဒီ ခုနှစ်ပင်ရွာကို စီးနင်းသတ်ဖြတ်ခဲ့မှုနဲ့ ပတ်သတ်ပြီး စစ်အုပ်စုက သတင်းဖြန့်ရာမှာတော့ ဇွန်(၉)ရက် မနက်ပိုင်း ခုနှစ်ပင်ကျေးရွာကို နယ်မြေရှင်းလင်းရာ PDF အလောင်း လေးလောင်းနဲ့ (M-22) သေနတ် သုံးလက်၊ (MA-1) သေနတ် တစ်လက်၊ ကျည်အိမ် သုံးခု၊ ကျည်(၁၀၀)တောင့်ခန့်နဲ့ တိုက်မိုင်း တစ်လုံးတို့ သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။
‌‌စစ်အုပ်စုက သတ်ဖြတ်သွားသူ လေးဦးအနက် တစ်ဦးတည်းကသာတော်လှန်ရေးရဲဘော် ဖြစ်ပြီး ကျန်သုံးဦးက ဒေသခံတွေ ဖြစ်ကာ စစ်အုပ်စုက လိမ်ညာ သတင်းမှား ဖြန့်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒါက သူတို့ လျောက်တင်ထားတာ။ တစ်ယောက်က ကျည်မှန်ပြီး မပြေးနိုင်တော့တာပေါ့။ အဲတော့ ရဲဘော် တစ်ယောက် ကျတာပေါ့။ ကျန်တဲ့ သုံးယောက်ကတော့ လွတ်တယ်” လို့ ဒေသခံက ဆိုပါတယ်။
မေ(၁၇)ရက်ကလည်း စစ်အုပ်စုဟာ ရေစကြိုနယ်ထဲ ရွာစဉ်ပတ်မွှေကာ PDF စခန်းနှစ်ခု အပါအဝင် ဇီးတောရွာ၊ ကျောက်ထပ်ရွာနဲ့ သဲတောရွာ တို့ကို တပြိုင်နက် ဝင်ရောက်စီးနင်းပြီး လူသတ်၊ လုယက်၊ မီးရှို့ခဲ့ရာ ကျောင်းဆရာမ တစ်ဦး အပါအဝင် ပြည်သူ ခြောက်ဦး သေဆုံးပြီး နေအိမ် အလုံး(၈၀)ခန့် မီးလောင် ဆုံးရှုံးခဲ့ရပါတယ်။
ရေစကြိုနယ် ခုနှစ်ပင်ရွာမှာ PDF ရဲဘော်တစ်ဦးနဲ့ ဒေသခံ သုံးဦးကို သတ်ဖြတ်ပြီး PDF မို့ သတ်လိုက်တာ ဖြစ်ကြောင်း စစ်အုပ်စုက လိမ်ညာ သတင်းဖြန့်စဉ်/Photo – စစ်အုပ်စု
#Mandalay_Free_Press_MFP