ရွှေမှော်များအား မတရားအခွန်ကောက်နေသည့် တနိုင်းရေလှောင်ကန်ကုန်းစခန်း KIA သိမ်းပိုက်

ဝိုင်းမော် – ဆဒုန်းလမ်းပိုင်းရှိ ဘွမ်တောင်စခန်းကို KIAသိမ်းပိုက်
သရဖူ/People’s Spring
ဝိုင်းမော်- ဆဒုန်းလမ်းပိုင်းရှိ စစ်ကောင်စီအခိုင်မာတပ်စွဲထားသည့် ဘွမ်တောင်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက ယနေ့(ဇွန်လ ၁၁ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကချင်စစ်ရေးသတင်းမြစ်များက‌ People’s Spring ကို ပြောသည်။
ဝိုင်းမော်မြို့နှင့် မိုင်(၂၀)ကျော်အကွာ၌ရှိသည့်ဘွမ်တောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဖမ်းမိထားသလို လက်နက်ခဲယမ်းများလည်းရရှိထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
” ဘွမ်တောင်စခန်းက ဝိုင်းမော်- ဆဒုန်း- ကန်ပိုက်တည်လမ်းမှာ အဓိကကျတဲ့ စခန်းပါ။ KIA က ထပ်သိမ်းလိုက်တယ်။ ဆဒုံးမှာ ဗျူဟာ ကျန်နေသေးတယ်”ဟု ၎င်းက ပြောသည်။
ကန်ပိုက်တည်သည် တရုတ်နိုင်ငံနှင့် နယ်စပ် ကုန်သွယ်‌ရေးဂိတ်ရှိသည့်မြို့ဖြစ်သည်။ ဝိုင်းမော်- ဆဒုန်း- ကန်ပိုက်တည်လမ်း၌ စစ်ကောင်စီစခန်းအချို့နှင့် ပြည်သူ့စစ်စခန်းအချို့ရှိနေသေးသည်။
KIA တပ်မဟာ(၂)နှင့် ပူးပေါင်းတပ်များသည် ဇွန်လ ၁၀ရက်ကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ရွှေမှော်ထံမတရားအခွန်ကောက်နေသည့် စစ်ကောင်စီစခန်းတစ်ခုကို တိုက်ခိုက်သိမ်းယူခဲ့သည်။
ဝိုင်းမော်မြို့တွင်လည်း KIA နှင့် စစ်ကောင်စီစစ်ရေးတင်းမာနေသည်။
ဝိုင်းမော်မြို့တွင် အရပ်သားပြည်သူများနေထိုင်သည့်နေရာများအား စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ ယမန်နေ့က ပြုလုပ်ခဲ့သည်။
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘေယ်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – KIA)

ရွှေမှော်များအား မတရားအခွန်ကောက်နေသည့် တနိုင်းရေလှောင်ကန်ကုန်းစခန်း KIA သိမ်းပိုက်
ဟန်နွေ/People’s Spring
ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ရွှေမှော်များထံမှ မတရားအခွန်ကောက်နေသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို ဇွန်လ ၁၀ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၄) နယ်မြေအတွင်းရှိ ရေလှောင်ကန်ကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၁၀ရက် မွန်းလွဲပိုင်းက သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ရေလှောင်ကန်တပ်စခန်းကုန်းသည် ၂၀၁၇-၂၀၁၈က စစ်ကောင်စီ၏ ခလရ(၂၉၇) နှင့် ခလရ(၂၆၀) တပ်ရင်းများ တပ်စွဲထားပြီး စခန်းဝန်းကျင်ရှိ ရွှေမှော်များထံမှ မတရား အခွန်ကောက်ခံခဲ့ကြောင်း၊ ထို့ပြင် ဇွန်လ ၃ရက်ကလည်း အဆိုပါ တပ်စခန်းက လက်နက်ကြီး ပစ်ခတ်၍ ဒေသခံ သုံးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
KIA သည် တနိုင်းဒေသရိ ဗျူ/နမ့်ခမ်း စခန်း၊ နမ့်ကောန်စခန်း၊ ဒလူးစခန်း၊ ရေလှောင်ကန်ကုန်းစခန်း အပါအဝင် တပ်စခန်း ၅ခုထက်မနည်းကို သိမ်းပိုက်ထားသည်။
စစ်ကောင်စီကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ KIA တပ်မဟာ(၉) ၊ တပ်ရင်း(၆) နယ်မြေကို ဇွန်လ ၉ရက် ညနေပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း ထိခိုက်မှုမရှိကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
KIAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၁၀ရက် မနက်က ဝိုင်းမော်မြို့နယ်အတွင်း၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီက ဝိုင်းမော်မြို့နယ်ရှိ ခရစ်ယာန်ဘာသာရေးကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားသည်။
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ပုံအဟောင်းအသုံးပြုထားပါသည်။ ဓာတ်ပုံ – EPA)