အင်းတော်ကို လာသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်း ပျက်တဲ့အထိ ချေမှုန်းနိုင်ခဲ့သည့် တိုက်ပွဲ NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…
မတ် ၂၂ ၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ ကသာမြို့ ခမရ-၃၀၉ ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
ဗိုလ်မှူး လင်းထက် ဦးစီးပြီး ခမရ (၁၀၆၊ ၃၀၉)၊ ခလရ-၆ ပူးပေါင်းအင်အား (၁၅၀) ခန့်ပါတဲ့ အကြမ်းဖက် စစ်ကြောင်းကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုနဲ့ EROs (KIA)၊ KPDF၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပကဖ နဲ့ ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က မတ်လ (၁၅) ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က (၃၃) ယောက် သေဆုံးပြီး (၁၀) ယောက် ထိခိုက်ဒဏ်ရာရကာ (၃၁) ယောက်ကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့သလို တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဆီက MA-1 (၂၉) လက်၊ MA-2 (၆) လက်၊ MA-3 (၁၂) လက်၊ MA-4 (၃) လက်၊ MA-11 (၁) လက်၊ MA-15 (၁) လက်၊ Anti Drone Gun (၁) လက်၊ MA-10 ဗုံးသီး (၃၇) လုံး၊ MA ကျည် (၈၀၀၀) တောင့်၊ MA-15 ကျည် (၂၀၀၀) တောင့်၊ ၆၀ မမ ဗုံးသီး (၁၇) လုံး၊ ကျည်အိမ် (၁၁၃) ခု၊ ကျောပိုး Jammer (၁) ခု၊ ဆက်သွယ်ရေးစက် (၁) လုံး၊ အထိုင်ဖုန်း (၁) လုံး၊ ကျည်ကာဦးထုပ် (၁၂) လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။