တောင်းခမ်း ပြန်ရရန် လက်နက်ကြီးနှင့်ဒရုန်း အများအပြားသုံးပြီး စစ်တပ် ထိုးစစ်ဆင်

by

in

ပြင်ဦးလွင်အနီး နောင်ချိုမြို့နယ် တောင်းခမ်းရွာတွင် စစ်ကောင်စီနှင့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်(TNLA)တို့ နှစ်ဘက်အင်အား ထောင်ချီသုံးပြီး တိုက်ခိုက်နေကြသည်။

စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)တို့ နှစ်ဘက်အင်အား ထောင်ချီသုံးပြီး တိုက်ခိုက်နေသည့် ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာ တိုက်ပွဲတွင် စစ်ကောင်စီက နယ်မြေအားလုံးပြန်လည်ထိန်းချုပ်နိုင်ရေး လက်နက်ကြီးနှင့် ဒရုန်းများသုံးကာ ဆက်လက်ထိုးစစ်ဆင်နေသည်ဟု သိရသည်။

မြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ တောင်းခမ်းရွာ အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၉၀၂) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အပါအဝင် အမှတ်(၃၅၄)၊ (၂၀၆)၊ (၄၀၆) စသည့် အမြောက်တပ်များကို TNLA နှင့် မဟာမိတ်တို့က ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် စတင်တိုက်ခိုက်သည်။

ဩဂုတ် ၂၈ ရက်နေ့တွင် ပူးပေါင်းတပ်က အမှတ်(၂၀၆)နှင့် (၄၀၆)အမြောက်တပ်များကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းကာ ပြန်လည်ထိုးစစ်ဆင်မှုကြောင့် အောက်တိုဘာလတွင် အဆိုပါ တပ်ရင်းစခန်းများကို ပြန်လည်လက်လွှတ်ခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီတပ်က တောင်းခမ်းရွာနှင့် အနီးဝန်းကျင်ရွာများကို လက်နက်ကြီးနှင့် ဒရုန်းများကို ဖောဖောသီသီ အသုံးပြုပြီး ဆက်လက် ထိုးစစ်ဆင်လာရာ ဖေဖော်ဝါရီ လကုန်းပိုင်းတွင် TNLA က ကျေးရွာအချို့ကို လက်လွှတ်လိုက်ရသည်ဟု ရှေ့တန်းသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးအားသာတာက စကစ ဖြစ်နေတော့ လောလောဆယ်တို့ သူတို့က အားသာသွားတာပေါ့ဗျာ။ လက်နက်ကြီးကိုလည်း သူတို့က တစ်နေ့ကို အလုံးရာနှင့်ချီပြီးတော့ သုံးဖြုန်းနိုင်တဲ့ အနေအထားတွေ့ရတယ်။ ပြီးတော့ ဒရုန်းဆိုရင်လည်း အစီး လေးငါးဆယ်နဲ့ တပြိုင်တည်း ဗုံးကြဲပြီးတော့ ထိုးစစ်ဆင်နေတဲ့ အနေအထားမို့လို့ စခန်းအချို့တွေ လက်လွှတ်လိုက်ရတဲ့ အခြေအနေဖြစ်သွားတာ” ဟု အဆိုပါ ရှေ့တန်းရောက် အမျိုးသားက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်များတွင်လည်း စစ်ကားများပေါ်တွင် တင်ဆောင်လာသည့် အမျိုးအစားစုံ ဒရုန်းများဖြင့် TNLA တပ်များကို တိုက်ခိုက်နေသည့် ရုပ်သံများ တွေ့မြင်ရသည်။

စစ်ကောင်စီက ဖေဖော်ဝါရီ လကုန်ပိုင်းက ပြန်လည်သိမ်းပိုက်လိုက်သည့် တောင်ရှည်၊ မန်မော်နှင့် နားရှိုးရွာတို့မှာ အမြောက်တပ်များ အခြေစိုက်ထားသည့် တောင်းခမ်းရွာ၏ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာတွင် တစ်ဆက်တည်း ရှိနေသည့် ရွာများဖြစ်သည်။

ဆယ်တောင်ပြည့် ဘုန်းကြီးကျောင်းရှိရာ ဆယ်တောင်ပြည့်ကုန်းမှာ မန်မော်ရွာနှင့် တောင်ရှည်ရွာကြားတွင်ရှိပြီး အနီးအနားကျေးရွာများကို အပေါ်စီးမှ မြင်နိုင်သည့် ကုန်းမြင့်တစ်ခုဖြစ်သည်။

တောင်းခမ်းရွာ အခြေစိုက် အမြောက်စခန်းများမှ အနီးအနားရှိ TNLA စခန်းများကို ၁၀၅ မမ၊ ၁၂၂ မမ နှင့် ဒရုန်းများကို အဓိကထား အသုံးပြုကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ၎င်းတို့ ပြန်သိမ်းပိုက်လိုက်သည့် အထက်ပါရွာများတွင်လည်း အမြောက်များ ပို့ဆောင်ပြီး ဆက်လက်ပစ်ခတ်နေသည်ဟု သိရသည်။

၎င်းတို့ ပြန်သိမ်းပိုက်ထားသည့် ရွာများမှ တဆင့် အနီးဝန်းကျင်ရှိ TNLA တပ်များ ထိန်းချုပ်ထားသည့် ကျေးရွာများနှင့် စခန်းများကို ဆက်လက်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

စစ်ရေးအရ အရေးကြီးသည့် တောင်းခမ်းရွာမှာ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် ကားလမ်းအတိုင်း မိုင် ၅၀ ခန့်သာ ဝေးပြီး စစ်ကောင်စီတပ်က အင်အားအများအပြား ဖြည့်တင်းကာ ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။

TNLA နှင့် ပူးပေါင်းတပ်များက တောင်းခမ်း- ရပ်စောက်လမ်းမကြီးကို ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့်အတွက် စစ်ကောင်စီက ရပ်စောက်နှင့် ဗထူးတပ်မြို့များမှ စစ်ကူများအဆက်မပြတ် ပို့ဆောင်နိုင်နေသည်၊ ထိုအချက်မှာ စစ်ကောင်စီတပ်၏ အားသာချက်ဖြစ်သည်ဟု အထက်ပါအမျိုးသားက ပြောသည်။

“တောင်းခမ်းပတ်ပတ်လည်မှာကို (တိုက်ပွဲများ)ဖြစ်နေတာ၊ အခု လောလောဆယ် တောင်းခမ်းကနေ ကျော်သွားတဲ့ လမ်းမကြီးတွေကအစ စကစက (စစ်ကြောင်း)ထိုးသွားနေတာ။ မြေပြင်ထောက်ပို့ကို မဖြတ်တောက်နိုင်တာက အဓိက မိန်းပွိုင့်ပဲ” ဟု အထက်ပါ ရှေ့တန်းသတင်းရင်းမြစ် အမျိုးသားက ပြောသည်။

ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း နောင်ချိုမြို့အပြင် ရှမ်းမြောက်မှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်များက တောင်းခမ်းတွင် လာရောက်စုဖွဲ့နေသည့်အတွက် အင်အား ထောင်ဂဏန်း ရှိနေသည်၊ TNLA တပ်ကလည်း ထိုဒေသတွင် အင်အားထောင်ဂဏန်း ရှိသည်။

လက်နက်ကြီးနှင့်ဒရုန်းအသုံးပြုမှု လွန်စွာများပြားသဖြင့် တိုက်ပွဲလည်း ပြင်းထန်နေသည်ဟု အဆိုပါ အမျိုးသားက ပြောသည်။

“ပြင်းတာတော့ တော်တော်ကိုပြင်းတာ၊ ဒရုန်းတွေဆိုရင်လည်း မိုးရွာချသလိုကို ရွာချတာ၊ ပြီးရင် လက်နက်ကြီးဆိုရင်လည်း ထိုးစစ်စပြီဆိုတာနဲ့ တောင်ကုန်းတစ်ခုကို လုံးဝပြာကျသွားတဲ့အထိ လက်နက်ကြီးထုတာ၊ ဒရုန်းတွေလည်း မိုးလိုရွာပြီး ခေါင်းကို မော့မရတဲ့အထိကို ထိုးစစ်ဆင်တာ” ဟု သူက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများကလည်း ရာဂဏန်းအထိ ရှိနေသည်ဟု သူက ပြောသည်။

TNLA တပ်ထဲမှ ထွက်ပြေးသူတချို့ ရှိလာသည်၊ စစ်ကောင်စီတပ်မှ သုံ့ပန်းနှင့် တပ်ပြေးများလည်း TNLA လက်ထဲ ရောက်နေသည်ဟု သိရသည်။

တောင်းခမ်းတိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့က စစ်ကောင်စီတပ်ကို စစ်ကြေညာကာ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ရာ စစ်ကောင်စီတပ် လွန်စွာ အထိနာခဲ့သည်၊ တရုတ်နိုင်ငံ၏ စီစဉ်မှုဖြင့် ၂၀၂၄ ဇန်နဝါရီလအတွင်း အပစ်ရပ်ရန် သဘောတူခဲ့ကြသည်။

သို့သော် စစ်ကောင်စီက ရှမ်းမြောက်ရှိ MNDAA နှင့် TNLA တို့၏ သိမ်းပိုက်နယ်မြေများနှင့် မြို့များကို လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သဘောတူညီချက် ပျက်ပြယ်ပြီး ၁၀၂၇ စစ်ဆင်ရေး ပြန်လည် ဖော်ဆောင်ကာ မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်းရှိ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင် စသည့် မြို့များကို သိမ်းပိုက်ထားသည်။