အဓမ္မ ကင်းစောင့်ခိုင်းရန် မန္တလေးမြို့ ရပ်ကွက်တချို့တွင် အသင့်ဖြစ်နေ

by

in

၃၅ နှစ်အထက် အမျိုးသားများကို ကင်းစောင့်ခိုင်းမည့် အစီအစဉ်အတွက် မန္တလေးတွင် အကောင်အထည် ဖော်နေသည်ဟု သိရသည်။…

စစ်ကောင်စီက အသက် ၃၅ နှစ်နှင့်အထက် အမျိုးသားများကို ကင်းစောင့်ခိုင်းမည့်အစီအစဉ် အကောင်အထည်ဖော်နေရာ မန္တလေးမြို့တွင် တစ်ရပ်ကွက်လျှင် အယောက် ၃၀ ဖြင့် လူစုဖွဲ့နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

‘ပြည်သူ့လုံခြုံရေးစနစ်’ ဟု စစ်ကောင်စီက အမည်ပေးထားသည့် ထိုအစီအစဉ်သည် သြဂုတ် ၁၆ ရက်နေ့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

စစ်သားသစ်စုဆောင်းရန် ပေါ်ပေါက်လာသော စစ်မှုထမ်းဥပဒေတွင် အကျုံးမဝင်သည့် အသက် ၃၅ နှစ်မှ ၆၀ အတွင်း အမျိုးသားများကို ကင်းစောင့်ခိုင်းမည့်စနစ် ဖြစ်သည်။

သြဂုတ်၂၅ ရက်တွင် မန္တလေးမြို့သို့ ရောက်နေသည့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုစနစ် အကောင်အထည်ဖော်ရန် အမိန့်ပေးခဲ့ပြီးနောက် မန္တလေးမြို့တွင် ချက်ချင်း အကောင်အထည်ဖော်ကြခြင်း ဖြစ်သည်။

မဟာအောင်မြေ၊ ချမ်းအေးသာစံနှင့် ချမ်းမြသာစည်မြို့နယ်တို့ရှိ ရပ်ကွက်အချို့တွင် စတင်၍ ဖွဲ့စည်းနေပြီဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များက ကာယကံရှင်များကို အသိပေးနေကြောင်း မဟာအောင်မြေမြို့နယ် လန်ဒန်ဝင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ရာအိမ်မှူးတွေကနေ ဘယ်သူပါတယ်၊ ဘယ်ဝါပါတယ် လိုက်အသိပေးနေတာပေါ့နော်။ တစ်ရပ်ကွက်မှာ အယောက် ၃၀ နှုန်းလို့တော့ ပြောတယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

ထိုလူ ၃၀ သည် အုပ်ချုပ်ရေးမှူးရုံးတွင် အစောင့်လုပ်ရမည်၊ ရပ်ကွက်လမ်းများအတွင်း လုံခြုံရေးကင်းတဲကဲ့သို့ အဆောက်အအုံအချို့ ဆောက်လုပ်မည်ဟု ကြားသိရသည်၊ အသေးစိတ်အခြေအနေများကို အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များက ထုတ်ဖော်မပြောဆိုသေးဟု ၎င်းက ဆိုသည်။

ထို ၃ မြို့နယ်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စခန်းတည်ရှိသော မန္တလေးနန်းတွင်း၏ တောင်ဘက်မြို့နယ်များဖြစ်ကြသည်။ ကျန်ရပ်ကွက်အခြေအနေများကို Myanmar Now က စုံစမ်းနေဆဲဖြစ်သည်။.

၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းသည့် စစ်တပ်က ဆန္ဒပြပြည်သူများကို လမ်းပေါ်တွင် အကြမ်းဖက်၊ ပစ်သတ်ရာမှ နိုင်ငံအနှံ့ ခုခံစစ် ဆင်လာကြရာ စစ်သားသစ် လိုအပ်လာသဖြင့် ကာကွယ်ရေးအစီအစဉ်များ ဆက်တိုက် အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။

စစ်သားသစ် စုဆောင်းခြင်းအစီအစဉ်ကဲ့သို့ပင် ကင်းစောင့်ရန် လူရွေးချယ်ခြင်းသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတို့ လာဘ်ငွေရှာနိုင်သည့် အခွင့်အရေးဖြစ်လာသည်။

အရပ်သားများကို ကင်းစောင့်ခိုင်းမည့် အစီအစဉ်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့က အကောင်အထည်ဖော်ပေးနေသည်ဟု သိရကြောင်း ချမ်းအေးသာစံမြို့နယ်ရှိ နေအိမ်မှ ယာယီထွက်ခွာလာသူ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော့်ရပ်ကွက်မှာလည်း စလုပ်နေပြီလို့တော့ ကြားတယ်။ အုပ်ချုပ်ရေးမှူးတွေက သူတို့ နီးစပ်သူတွေကိုတော့ ပြောတယ်။ ဟိုလို တစ်အိမ်တက်ဆင်း လိုက်စာရင်းကောက်ပြီး အသိပေးတာမျိုးတော့ မရှိသေးဘူးဗျ” ဟု သူက ဆိုသည်။

မန္တလေးတွင် အုပ်ချုပ်ရေးရုံးတချို့ မကြာခဏ တိုက်ခိုက်ခံခဲ့ရဖူးသည်။

အုပ်ချုပ်ရေးရုံးများသည် အရပ်သားများကို ခေါ်ထားမည်ဆိုပါက တော်လှန်ရေးအင်အားစု တိုက်ခိုက်မှုအန္တရာယ်မှ များစွာအကာအကွယ်ရမည် ဖြစ်သည်။

ဤအတောအတွင်း အခြားဒေသများတွင်လည်း အလှည့်ကျ ကင်းသမားများကို စတင်ရွေးချယ်နေကြောင်း သိရသည်။

၁၉၈၈ အာဏာသိမ်း စစ်ဗိုလ်ချုပ်များကလည်း အရပ်သားများကို ရပ်ကွက်များအတွင်း ညဘက်တွင် အလှည့်ကျကင်းစောင့်ခိုင်းခဲ့ဖူးသည်။

စစ်ကောင်စီက ညသန်းခေါင်ကျော်လျှင် အိမ်အပြင်မထွက်ရသည့်အမိန့် ရုပ်သိမ်းခြင်းမရှိသေးသည့်အပြင် ညဘက် လမ်းပေါ်တွင် စစ်သားသစ် စုဆောင်း ဖမ်းဆီးသည့် သတင်းများကြောင့် ည၈နာရီနောက်ပိုင်း လမ်းမများတွင် သွားလာသူ မရှိကြတော့ကြောင်း သိရသည်။

ယခု စစ်ကောင်စီ၏ အစီအစဉ်အရ ကင်းစောင့်ရမည့်သူများ မည်သည့်အချိန်တွင် ကင်းစောင့်ရမည်ကို မသိရသေးပေ။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ကို စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ဦးဆောင်ပြီး စစ်မှုထမ်းဟောင်း၊ မီးသတ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့စစ်နှင့်နယ်ခြားစောင့်တပ်ကြီးကြပ်ရေးအဖွဲ့တို့မှ ထိပ်တန်းစစ်ဗိုလ်ချုပ်များ အဖွဲ့ဝင်အဖြစ် ပါဝင်သည်။