စစ်မှုထမ်းဆင့်ခေါ်ရေး ဉပဒေနှင့်အညီမလုပ်၍ ပြဿနာများဖြေရှင်းနေရဟု စစ်ကောင်စီ ဒုခေါင်းဆောင်ပြော
001
မဇ္ဈိမ။ ။ စစ်မှုထမ်းများဆင့်ခေါ်ရာတွင် ဉပဒေနှင့်အညီမလုပ်သည့်အတွက် နိစ္စဓူဝ ပြဿနာများ ဖြေရှင်းနေရကြောင်း စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မတ်လ ၂၀ ရက်နေ့က ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရာတွင် ပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းစုဆောင်းရာတွင် အတင်းအကျပ် ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ပျူစောထီးများ၊ သတင်းပေးလူမိုက်များက လူငယ်များကို ဖမ်းဆီးပြီး စစ်တပ်ကို ပြန်ရောင်းခြင်းများရှိကြောင်း လေ့လာစောင့်ကြည့်သူများပြောထားသော်လည်း ဒုခေါင်းဆောင်က စစ်မှုထမ်းဉပဒေအသက်သွင်းပြီးနောက် ဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့် ဖွဲ့စည်းကာ သတ်မှတ်အရည်အချင်းရှိသူများကိုသာ ဉပဒေနှင့်အညီ သင်တန်းများဖွင့်ပြီး သင်ကြားပေးခဲ့သည်ဟု ဆိုသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အချို့က ဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဆောင်ရွက်သည့်အတွက် စစ်မှုထမ်းဆင့်ခေါ်ရာတွင် မလိုလားအပ်သည့် ငွေကြေးမသမာမှုများကြောင့် စုဆောင်းခံရသည့် စစ်မှုထမ်းအချို့တွင် အခက်အခဲ အကျပ်အတည်းဖြစ်ပေါ်လာကာ ပြဿနာ ဖြေရှင်းနေရကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
စစ်မှုထမ်းဉပဒေကို စစ်ကောင်စီတပ် အင်အားတောင့်တင်းအောင် အသက်သွင်းခဲ့ခြင်းဖြစ်ကြောင်း ၊ ဆင့်ခေါ်ရေးအဖွဲ့များ၏ မှားယွင်းသည့် လုပ်ဆောင်မှုများတွေ့ပါက စစ်ကောင်စီတပ်သားများ သက်ဆိုင်ရာကိုတင်ပြရန်လိုကြောင်းတို့ကိုလည်း စစ်ကောင်စီက ဒုခေါင်းဆောင်က ပြောသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒုခေါင်းဆောင် စိုးဝင်းက ရွေးကောက်ပွဲလုပ်ပေးမည့်ကာလကို စစ်ခေါင်းဆောင်က ကမ္ဘာသိကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ပါတီကိုယ်စားလှယ်များ မဲဆွယ်နိုင်ရန်၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အရေးကြီးသည့် နယ်မြေတည်ငြိမ်အေးချမ်းရေး စစ်ကောင်စီတပ်သားများနှင့် ရဲတပ်သား၊ ပျူစောထီးများအပါအဝင် မိတ်ဖက်များပေါင်းပြီး လုံခြုံရေးတိုးမြှင့်သွားရန်လိုကြောင်းတို့ကိုလည်း မှာကြားခဲ့သည်။
စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းဉပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အသက်သွင်းခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်းနည်းဉပဒေမှာ ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထွက်ရှိလာခြင်းဖြစ်သည်။ စစ်ကောင်စီရေးဆွဲသည့်စစ်မှုထမ်းနည်းဉပဒေ ထွက်ရှိပြီးနောက်ပိုင်း စစ်မှုထမ်းဆင့်ခေါ်ရာတွင် စာဖြင့် ဆင့်ခေါ်ခြင်းများကိုလည်း ပြုလုပ်လာသည်။
လက်ရှိတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်မှု အပတ်စဉ် (၁၁)အထိရောက်ရှိလာပြီဖြစ်ကာ ယခင်သင်တန်းဆင်းများမှာ စစ်မြေပြင်စေလွှတ်ခံရပြီး သေဆုံးမှုများရှိနေကြောင်း သတင်းများတွင် ဖော်ပြချက်များနှင့် သေဆုံးစစ်မှုထမ်းနှင့် နီးစပ်သူများ၏ ပြောဆိုချက်များအရ သိရသည်။
ပုံအညွှန်း – တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောနေသည့် စစ်ကောင်စီ ဒုခေါင်းဆောင်အား တွေ့ရစဥ်
