ဖလမ်း နောက်ဆုံးခံစစ်ဖြစ်သည့် ခလရ ၂၆၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံး
မတ် ၂၀၊ ၂၀၂၅
စစ်ကောင်စီတပ်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဖြစ်တဲ့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်း (ခလရ ၂၆၈) က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း ဆိုသူဟာ တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်း မကျရေးအတွက် ခလရ ၂၆၈ ထံကို တပ်ကူတွေ ပို့ခဲ့ပေမယ့် တပ်ကူတွေရောက်ပြီး နောက်တစ်ရက် မတ်လ ၁၇ ရက်နေ့မှာပဲ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေလင်းထွန်း သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဖလမ်းမှာက ၂၆၈ ကို ဝိုင်းပတ်ပြီး ပိတ်ဆို့တိုက်ခိုက်နေတဲ့ အနေအထားပဲ။ ၂၆၈ ကျမှာ စိုးလို့ စစ်ကြောင်းကို အရေးပေါ်လွှတ်လိုက်တာပေါ့နော်။ နောက်တစ်ရက်မှာပါ ၂၆၈ က တပ်ရင်းမှူး ကျတယ်လို့ သိရပါတယ်။ လုံးဝသေချာပါတယ်။ မော်လမြိုင်အိမ်မှာကို နာရေးလုပ်နေပြီလို့ သိရတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
ဖလမ်းမြို့ကို စစ်ကူရောက်လာတဲ့တပ်ဟာ တပ်မ ၇၇ ကွပ်ကဲမှုအောက်က ထောက်ကြံ့အခြေစိုက် ရတခမရ ၃၉၁ ဖြစ်ပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မင်းခန့်အောင် ဦးစီးတာ ဖြစ်တယ်လို့ သိရပါတယ်။
“စစ်ကူကလည်း အယောက် ၅၀ ပဲရောက်လာတယ်။ လေယာဉ် ၂ခေါက်ပဲ ဆင်းလို့ရလို့။ နောက်တစ်ခေါက် ဆင်းဖို့ဟာမှာ အောက်ကနေ ပစ်ခတ်တိုက်ခိုက်နေတဲ့ အနေအထားကြောင့် နောက်ထပ် စစ်ကူမပို့နိုင်တာလို့ သိရတယ်” လို့ ဗိုလ်ကြီး ဇင်ယော်က ဆက်ပြောပါတယ်။
ရတခမရ ၃၉၁ကို အင်းတော်ဘက် စစ်ကူပို့ဖို့ စစ်ကောင်စီက စီစဉ်ထားပေမယ့် ဖလမ်းမြို့ကျမှာ စိုးတာကြောင့် ဖလမ်းကို လွှတ်ခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူ ခလရ ၂၆၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေလင်းထွန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် (၄၆) ဆင်းဖြစ်ပြီး အသက်အရွယ်အားဖြင့် ၄၀ ဝန်းကျင်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ဖလမ်းမြို့မကျရေးအတွက် စစ်ကူတွေ ဆက်တိုက် ပို့ဆောင်နေသလို လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း လုပ်ဆောင်နေတာပါ။
ချင်းညီနောင် အတွင်းရေးမှူးအဖွဲ့ဝင် ရောဘတ်ကတော့ “အခြေအနေက စစ်ဆင်ရေး မပြီးသေးဘူးဆိုတော့ပြောဖို့ အခက်အခဲ ရှိနေသေးတယ်၊ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေဆဲ အခြေအနေပါ” လို့ မောင်းကို ပြောပါတယ်။
ချင်းညီနောင် ပူးပေါင်းတပ်တွေဟာ ဖလမ်းမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဖလမ်းမြို့က ခလရ ၂၆၈ ကလွဲပြီး စစ်တပ်တပ်စွဲထားရာ နေရာတွေ အားလုံးကို သိမ်းပိုက်ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ၂၀၂၄ ဇွန်လ ၁၇ ရက်တွင် မတူပီမြို့နယ် အမှတ် (၃၀၄) ခြေမြန်တပ်ရင်းကို သိမ်းပိုက်ပြီးနောက် ချင်းညီနောင်တပ်ဖွဲ့တချို့အား တွေ့ရစဉ်
