နိုင်ငံတကာက ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် မြန်မာ့အရေးကို အာဆီယံ ဦးဆောင်ဖြေရှင်းပေးဖို့ NUG တိုက်တွန်းတောင်းဆို

by

in

နိုင်ငံတကာက ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် မြန်မာ့အရေးကို အာဆီယံ ဦးဆောင်ဖြေရှင်းပေးဖို့ NUG တိုက်တွန်းတောင်းဆို
မတ် ၂၀၊ ၂၀၂၅ .

နိုင်ငံတကာဟာ မြန်မာ့အရေးထက် ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် အာဆီယံအနေနဲ့ ပိုမိုဆိုးရွားလာတဲ့ မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့်ကျူးလွန်လာမှုနဲ့ စပ်လျဉ်းပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံရဲ့ ဥက္ကဌအဖြစ် ဦးဆောင်မှုအောက်ကနေ အာဆီယံအနေတဲ့ လူ့အခွင့်အရေးနဲ့ ဒေသတွင်းလုံခြုံရေး အပေါ်ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်စောင့်ထိန်းဖို့ လိုအပ်တာကြောင့် မြန်မာ့အရေးမှာ ဝင်ရောက် ဦးဆောင်ဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေက ယူကရိန်းအရေးမှာသာ ဆက်ရှိနေရာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရှိ ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းကို ဦးဆောင်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အရေးပါတဲ့ အခွင့်အလမ်းတစ်ရပ် ရှိတယ်လို့ ဆိုပါတယ်။
အာဆီယံပဋိညာဉ်စာတမ်းက ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေအရ အာဆီယံက ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပံ့ပိုးကူညီဖို့အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့လည်း ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဘုန်းကြီးကျောင်းကို မကြာသေးမီက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အပါအဝင် နိုင်ငံတစ်ဝန်း စစ်ရေးတိုက်ခိုက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ပိုမိုဆိုးရွားလာပြီး အရပ်သားပြည်သူတွေဟာ ဆိုးရွားပြင်းထန်စွာ ခံစားနေရတယ်လို့လည်း ဆိုပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့အထိ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ အကြမ်းဖက် စစ်အုပ်စုက အရပ်သားပြည်သူဆိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု (၂,၁၉၀) ကြိမ် တိုက်ခိုက်ခဲ့ပြီး ကလေးသူငယ်ပေါင်း ၃၇၀ ကျော်သေဆုံးခဲ့ရပါတယ်။
အာဆီယံအဖွဲ့အနေနဲ့ အခုအချိန်မှာ ဘုံသဘောတူညီချက် (၅)ချက်ကို ကျော်လွန်ကာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒတွေနဲ့ကိုက်ညီတဲ့ မြန်မာပိုင်၊ မြန်မာဦးဆောင်တဲ့ လုပ်ငန်းစဉ် တစ်ရပ်ကို ပံ့ပိုးကူညီပေးနိုင်ဖို့ တိကျပြတ်သားတဲ့ ဆောင်ရွက်ချက်တွေ ချမှတ်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတယ်လို့ သိရပါတယ်။
ပြည်သူတစ်ဦးချင်းစီတိုင်းရဲ့ တရားမျှတမှု၊ ငြိမ်းချမ်းမှု နဲ့ ဂုဏ်သိက္ခာတို့ကို ပြန်လည်ဖော်ဆောင်ပေးနိုင်မယ့် ဆောင်ရွက်ချက်တွေကို ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လျက်ရှိတဲ့ ပဋိပက္ခနဲ့ မြန်မာပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံအနေနဲ့ ရဲရင့်ပြီး ထိရောက်တဲ့ ဆောင်ရွက်ချက်တွေကို ချမှတ်ဆောင်ရွက်ခြင်းဖြင့် မြန်မာ့အရေးကို ကူညီသင့်ပြီလို့ တောင်းဆိုလိုက်ပါတယ်။