ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်ပြီး အောင်ဇေယျစစ်ကြောင်း အထိနာ

by

in

ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်ပြီး အောင်ဇေယျစစ်ကြောင်း အထိနာ
ဒီးဒီ/People’s Spring
ကရင်ပြည်နယ်၊ ကော့ကရိတ် − မြဝတီ အာရှလမ်းပိုင်းအားထိန်းချုပ်ရန် အင်အားသုံးစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေရာ ယနေ့(မတ်လ ၁၇ရက်)တွင် တိုက်ပွဲပိုမိုပြင်းထန်ခဲ့သည်ဟု ကော့ကရိတ်ဒေသရှိ PDFစစ်ကြောင်းမှူး တစ်ဦးက ပြောသည်။
ယနေ့(မတ်လ ၁၇ရက်)တွင် ကော့ကရိတ်မြို့အနီး၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု အဆိုပါ စစ်ကြောင်းမှူးက ပြောသည်။
“တိုက်ပွဲက နေ့တိုင်းဖြစ်နေတာပဲ။ ဒါပေမယ့် ဒီနေ့(မတ်လ ၁၇ရက်)ကတော့ ပွဲကြီးနှစ်ပွဲ ဖြစ်တယ်လို့ သတင်းပို့လာတယ်။ အောင်ဇေယျအထိအခိုက်လည်း အတော်များနေတယ်”ဟု ကော့ကရိတ်ဒေသရှိ PDFစစ်ကြောင်းမှူး တစ်ဦးက ပြောသည်။
ကျားဖြန့်နှိမ်နင်း​ရေးအကြောင်းပြပြီး မြဝတီ​ဒေသသို့ မီး ၊စက်သုံးဆီ ၊အင်တာနက် ၊ကုန်စည်များစသဖြင့် ဘက်စုံဖြတ်​တောက်ထားချိန်တွင် အင်အားဖြည့်တင်းထား​သောစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် ယခု မတ်လအတွင်း တိုက်ပွဲများ ပြင်းထန်နေသည်။
စစ်ကောင်စီက ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ ပိတ်ဆို့ခံနေရသော အောင်ဇေယျစစ်ကြောင်းထံ အင်းအားအလုံးအရင်းပေးပို့စေလွှတ်ကာ စစ်ပြင်နေသလို၊​ကော့ကရိတ်သို့လည်း စစ်ကူများစွာ​ပေးပို့​နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီသည် ကော့ကရိတ်မြို့သို့ အင်အားအလုံးအရင်း စေလွှတ်ပြီးနောက် ကော့ကရိတ်မြို့နှင့် ဒေါနတောင်ကြားတွင် ​ဖေ​ဖော်ဝါရီလကုန်ပိုင်းကစ၍ တိုက်ပွဲများပြင်းထန်နေသည်ဟု အဆိုပါနယ်မြေရှိ PDF စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။
ကော့ကရိတ်မြို့အထွက်ရှိ (၂)မိုင်ခန့်သာကွာဝေးသော ကော့နွှဲ့၊ တတံကူး၊ ရေလယ်ကုန်း၊ ရွာသစ်ကုန်းကျေးရွာတို့တွင် တိုက်ပွဲများပြင်းထန်နေသည်ဟု ဆိုသည်။
ထို့အပြင် ကော့ကရိတ်မြို့မှ မြဝတီ အာရှလမ်း၊ ဒေါနတောင်လမ်းဟောင်းနှင့် ကော့ကရိတ်တောင်ပိုင်း ကျေးရွာဘက်သို့ စစ်ကြောင်း ၄ ကြောင်းခွဲကာ ထိုးဖောက်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များမှာ မတ်လ ၁ ရက်မှ ၁၅ ရက်အထိ နေ့စဉ်လိုလို ကြားဖြတ်တိုက်ခိုက်မှု ဖြစ်ပွားလျက်ရှိသည်ဟု ကရင်သတင်းဌာန KICက ယနေ့ ဖော်ပြထားသည်။
KNLA စစ်ကြောင်း သတင်းအရင်းအမြစ်က “စကစ စစ်ကြောင်းခွဲတိုက်နေတာမှာ ကိုယ့်ဘက်က KNLA /PDF ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်နေတာ နေ့တိုင်းဖြစ်နေတယ်။ စစ်တပ်က ၁၄၊ ၁၅ရက်အထိ တတန်ကူးမှာ တော်တော်ကျတယ်။ တောင်ပေါ်ရောက်နေတဲ့စစ်ကြောင်းတောင် အောက်ပြန်ဆင်းလာရတယ်။ ကိုယ့်ဘက် က လည်း စကစဒရုန်းချတာကြောင့် ကျဆုံးတာ ထိတာရှိတယ်။ စကစဘက်ကတော့ ပိုများတယ်။ ကျုံဒိုးစကစက သူတို့လူနာ သူတို့လာသယ်တာမျိုးရှိတယ်”ဟု KICသို့ ပြောသည်။
ထို့အပြင် စစ်ကောင်စီသည် ကျားဖြန့်အကြောင်းပြပြီး မြဝတီမြို့၌ ၎င်း၏အင်အားတိုးချဲ့ပြီး ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဟု ကရင်စစ်ရေးသတင်းအရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
ဒေါနတောင်ပေါ်၌ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊PDF နှင့် ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထားသည်။
၂၀၂၄ ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDFနှင့် ‌ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ၂၀၂၄ ဧပြီ ၉ရက်ကစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။
လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ၁၁ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။