လက်နက်စက်ရုံများရှိသော ပဲခူးတိုင်းအနောက်ခြမ်းကို ထိုးစစ်ဆင်လာသည့် AA က ဥသျှစ်ပင်မြို့ အနီး စစ်တပ်စခန်းကို ပိတ်ဆို့တိုက်ခိုက်နေသည်ဟု သိရသည်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာအနီးရှိ စစ်ကောင်စီတပ် ကာကင်းစခန်းများကို သိမ်းပိုက်ထားပြီး တိုက်ပွဲဆက်ဖြစ်နေသည်ဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက Myanmar Now ကို မတ် ၁၅ ရက်နေ့ညပိုင်းက ပြောသည်။
“တိုက်ပွဲကတော့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ပန်းကန်ကွဲရွာနဲ့ ညောင်ကျိုးကျေးရွာပတ်ဝန်းကျင် တွေမှာ အပြန်အလှန် အပြင်းအထန် ဖြစ်ပွားနေတာရှိပါတယ်။ ညောင်ကျိုးရွာရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ကာကင်းစခန်းအများစုကိုတော့ ကျွန်တော်တို့ရဲ့ ပူးပေါင်းတပ်ဖွဲ့တွေကတော့ သိမ်းပိုက် ထိန်းချုပ်ထားပြီးဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။
“ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေကလည်းပဲ ဟိုတစ်စု ဒီတစ်စု ကစဉ့်ကလျား ဆုတ်ခွာနေကြတာတွေ ရှိပါတယ်။ ဒီကြားထဲ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကလည်းပဲ တောက်လျှောက်ရှိနေတော့ အခြေအနေက ရှုပ်ထွေးနေပြီးတော့ တိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲအနေအထား ဖြစ်ပါတယ်”
ရခိုင်နှင့် ပဲခူးတိုင်းအနောက်ခြမ်းဆက်သွယ်ထားရာ ပန်းတောင်း-တောင်ကုတ်လမ်းပေါ်တွင် တည်ရှိ သော ညောင်ကျိုးရွာအနီးရှိတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခြင်းဖြစ် သည်။
ထိုနေရာသည် AA က ဇန်နဝါရီ ၂၆ ရက်နေ့တွင် သိမ်းထားသော မိုးထိတောင်တပ်စခန်း၏ အရှေ့ ဘက် ၉ မိုင်ကျော်ခန့်အကွာတွင် တည်ရှိသလို ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဥသျှစ်ပင်မြို့နှင့် ၁၇ မိုင်ကျော်ခန့်သာ ကွာဝေးသည်။ ဥသျှစ်ပင်နှင့် မနီးမဝေးတွင် ပန်းတောင်းနှင့် ထိုအထက်တွင် ပြည်မြို့ တည်ရှိသည်။
ဥသျှစ်ပင်မြို့မှ လူမှုကူညီရေးအဖွဲ့တစ်ခုက ဒဏ်ရာရ စစ်ကောင်စီတပ်စစ်သားအများအပြားကို ပြီးခဲ့ သည့်ရက်များအတွင်း ရွှေတောင်ဆေးရုံကို ပို့ပေးခဲ့ရကြောင်း ပြောသည်။
ဥသျှစ်ပင်မြို့ အနောက်ဘက် ၃ မိုင်အကွာရှိ ညောင်ခြေထောက်ရွာ အနီးတွင် ‘ကပစ’ ဟု အတိုကောက်ခေါ်သည့် အမှတ် (၆) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ ရှိသည်၊ ထိုစက်ရုံက သံမဏိအဓိကထုတ်လုပ်ကာ လက်နက်ခဲယမ်းလုပ်မည့် သံပစ္စည်းမှန်သမျှကို ကုန်ကြမ်း ထုတ်လုပ်ပေးနေသည်။
ထိုစက်ရုံလုပ်ငန်းထိခိုက်ပါက အခြားစက်ရုံများအပေါ်လည်း သက်ရောက်မှု ကြီးမားမည် ဖြစ်သည်။
စစ်ကောင်စီတပ်၏ ကပစ စက်ရုံပေါင်း ၂၅ ခုက ခြေလျင်တပ်ဖွဲ့သုံး လက်နက်ငယ်များ၊ ကျည်ဆန်များမှစ၍ လေကြောင်းရန်ကာကွယ်ရေး လက်နက်ကြီးများအထိ ထုတ် လုပ်နေခြင်းဖြစ်သည်။
မကွေးတိုင်း အတွင်း ၁၅ ရုံ၊ ပဲခူးတိုင်းတွင် ၇ ရုံ၊ နေပြည်တော်တွင် ၂ ရုံ၊ ရန်ကုန်တွင် ၁ ရုံ ရှိသည်။
ပဲခူးနယ်အတွင်း ဥသျှစ်ပင်မြို့အနီး ကပစ (၅)၊ (၆)၊ (၉)၊ (၁၆) တို့ရှိပြီး ပြည်မြို့အနီး ကပစ (၃)၊ (၇)၊ (၁၉) တို့ တည်ရှိရာ AA ထိုးစစ်သည် လက်နက်စက်ရုံဝန်းကျင်အထိ ရောက်လာခြင်းဖြစ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ ခုကို သိမ်းပိုက်နိုင်ပြီးနောက် AA ၏ နောက်ထပ် စစ်ရေးပစ်မှတ်မှာ ရခိုင်ရိုးမနှင့် ထိစပ် နေသည့် တိုင်းဒေသကြီး ၃ ခု ဖြစ်လာသည်။
ရခိုင်ရိုးမတောင်တန်းဒေသနှင့် ထိစပ်နေသည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်း ပုသိမ် မြို့နယ်၊ မကွေးတိုင်း ငဖဲမြို့နယ်တို့ရှိ စစ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ဇန်နဝါရီ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ရခိုင်တောင်ဘက်ဆုံး ဂွမြို့နယ်ကို သိမ်းပိုက်ခဲ့ပြီးနောက် AA သည် ဘင်္ဂလားပင်လယ်အော်ကမ်းရိုး တန်းတလျှောက် ဧရာဝတီတိုင်းအတွင်း ရွေ့လျားလာရာ လမ်းကြောင်း ၂ ခုဖြင့် ထိုးဖောက်နေသည်။
ရခိုင်ရိုးမမှ ဧရာဝတီတိုင်းသို့ အဓိကဝင်ပေါက်ဖြစ်သည့် ဂွ-ငါးသိုင်းချောင်းလမ်းကို ထိန်းချုပ်နိုင်ရန် ကျုံပျော်ခရိုင်၊ ရေကြည်မြို့အနီးရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းကိုလည်း ထိုးစစ်ဆင်နေသည်။
အလားတူ ဂွ-သာပေါင်းလမ်းဘက်သို့ စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ) ၃၀၈ ကို တိုက်ခိုက်နေရာ အဆိုပါတပ်ရင်း၏ အဓိကကာကင်းစခန်း ၂ ခုကို မတ်လ ပထမပတ်ကတည်းက AA က သိမ်းပိုက်ရ ရှိထားပြီး ဖြစ်သည်။
AA တပ်များသည် ရခိုင်-မကွေး နယ်ခြားမိုင်တိုင်မှ ၁၀ မိုင်ခန့်အကွာတွင် တည်ရှိ သော ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီးအထိ ရောက်ရှိလာပြီး တိုက်ပွဲ ပြင်းထန်နေ၍ စစ်ကောင်စီတပ် ကလည်း မကွေးတိုင်းထဲ စစ်မီးမကူးလာစေရန် ပွင့်ဖြူမြို့နယ်ဘက်၌ စစ်အင်အားများ တိုးချနေကြောင်း သိရသည်။
၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ စတင်သော AA ၏ ထိုးစစ်များအတွင်း ရခိုင် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် စစ်တွေ၊ ကျောက်ဖြူတို့အနီး တိုက်ပွဲများဖြစ်နေသည်။ မာန်အောင်မြို့နယ်တွင်မူ တိုက်ပွဲ မရှိသေးပေ။