ညောင်ကျိုးတိုက်ပွဲတွင် AA ထိုးစစ်ကို မခုခံနိုင်တော့သည့် စစ်ကောင်စီတပ်သားအချို့ တပ်ဆုတ်ပြေး
ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးတပ်စခန်းကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စခန်းစွန့်ခွာထွက်ပြေးကြောင်း သိရသည်။
ညောင်ကျိုးတိုက်ပွဲသည် ယမန်နေ့ မတ် ၁၁ ရက်နေ့တွင် ပိုမိုပြင်းထန်ခဲ့ပြီး လက်နက်ကြီးများ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်အချို့ စခန်းမှထွက်ပြေးကြကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“၉ ရက်နေ့ကစပြီး ပြေးတယ်လို့သိရတယ်။ ကျောက်ဖူးချောင်းအတိုင်း ထွက်ပြေးကြတာ။ စစ်တပ်ဘက်က ရဟတ်ယာဉ်တွေရော စက်တပ်လေထီးတွေနဲ့ပါ နေ့တိုင်း ဗုံးလာကြဲတယ်။ တိုက်ပွဲကအပြင်းအထန်ဆုံးဖြစ်နေတယ်။ လက်နက်ကြီးပစ်သံတွေက ဥသျှစ်ပင်ကပါ ကြားရတယ်လို့ သိရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ညောင်ကျိုးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သည် ကျောက်ဖူးချောင်းအတိုင်း ဥသျှစ်ပင်မြို့ဘက်သို့ ဦးတည်ထွက်ပြေးနေကြကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်နေသည့် ညောင်ကျိုးစခန်းကို စစ် ကောင်စီက Mi 35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ပြီး ဥသျှစ်ပင်ဘက်မှ စစ်ကူများပါ ပို့ ဆောင်ခဲ့ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
ထို့အပြင် စစ်ကောင်စီက ညောင်ကျိုးတိုက်ပွဲအခြေ အနေကြောင့် ညောင်ခြေထောက်နှင့် ဥသျှစ်ပင်ရှိ ကပစ ၆ တို့တွင် စစ်ကောင်စီအင်အား ၆၀၀ ခန့်ပို့ဆောင်ထား ကြောင်းကိုလည်း ဒေသခံများထံမှ သိရသည်။
စားနပ်ရိက္ခာအတွက်လည်း ဥသျှစ်ပင်မြို့ပေါ်မှ ဒေသ ခံများက အုပ်ချုပ်ရေးမှူးထံ နေ့စဉ်ထမင်းထုပ်ပို့နေရပြီး အုပ်ချုပ်ရေးမှူးက စစ်ကောင်စီတပ်နှင့်ဆက်သွယ် ကာ ရိက္ခာပို့ခြင်း၊ လူအင်အားဖြည့်တင်းခြင်းများကို ပြုလုပ်နေသည်ဟု ဥသျှစ်ပင် ဒေသခံများက ဆိုသည်။
လက်ရှိတွင် ညောင်ကျိုးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး ညောင်ကျိုးနှင့်ညောင် ခြေထောက်ရွာကြားတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။
#ပဲခူး #ပန်းတောင်း #ညောင်ကျိုး #စစ်ကောင်စီ #AA #ပူးပေါင်းတပ် #တိုက်ပွဲပြင်းထန် #ထွက်ပြေး #Ayeayrwaddy_Times
