ထားဝယ်စီမံကိန်းကို ရုရှားလက်ထဲအပ်ရန်အတွက် မြန်မာ-ဂျပန်-ထိုင်းနိုင်ငံ တို့ပူးပေါင်းဆောင်ရွက်ခဲ့သည့် အထူးစီးပွားရေးဇုန် SPV ကို ဖျက်သိမ်းရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းညွှန်ကြား

by

in

ထားဝယ်စီမံကိန်းကို ရုရှားလက်ထဲအပ်ရန်အတွက် မြန်မာ-ဂျပန်-ထိုင်းနိုင်ငံ တို့ပူးပေါင်းဆောင်ရွက်ခဲ့သည့် အထူးစီးပွားရေးဇုန် SPV ကို ဖျက်သိမ်းရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းညွှန်ကြား
ရန်ကုန်၊ မတ် ၁၂
တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ရုရှားလက်ထဲအပ်ရန်အတွက် မြန်မာ-ဂျပန်-ထိုင်းနိုင်ငံ တို့ပူးပေါင်းဆောင်ရွက်ခဲ့သည့် အထူးစီးပွားရေးဇုန် SPV ကို ဖျက်သိမ်းရေး ညှိနှိုင်းဆွေးနွေးရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ညွှန်ကြားလိုက်သည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အထက်ပါအတိုင်း ညွှန်ကြားလာခြင်းဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်အနေဖြင့် SPV (Special Purpose Vehicle) ဖျက်သိမ်းရေးနှင့်ပတ်သက်ပြီး မြန်မာ-ထိုင်း-ဂျပန် ၃ နိုင်ငံ ညှိနှိုင်းဆွေးနွေးပြီး ပီပြင်အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ထားဝယ်စီမံကိန်းတွင် ယခင်ရင်းနှီးမြှုပ်နှံခဲ့သော အီတာလျံ-ထိုင်း ဆောင်ရွက်သည့် ကိစ္စများ ပြီးမြောက်သွားသော်လည်း ဥပဒေကြောင်းအရ ဆက်လက် ရှင်းလင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာဖြင့် သက်ဆိုင်ရာ ဥပဒေပညာရှင်များဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် အရေးကြီးကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လာရောက် ရင်းနှီးမြုပ်နှံသူ အပါအဝင် သုံးဦးသုံးဖလှယ် Win-Win Situation ဖြစ်ရေး ဆောင်ရွက်သွားကြရန် စိုးဝင်းက ပြောဆိုသည်။
မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း ထားဝယ်အထူးစီးပွားရေဇုန်နှင့်ပတ်သက်၍ အခွင့်အလမ်းများ များစွာ ဖော်ဆောင်နိုင်ခဲ့သည်အတွက် မကြာမီတွင် အရှိန်အဟုန်ဖြင့် အောင်မြင်ဖြစ်ထွန်းလာတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်ကပင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများနှင့် လာရောက် ရင်းနီးမြှုပ်နှံမည့်သူများ စိတ်ချမ်းသာစွာဖြင့် လုပ်ငန်းများ အဆင်ပြေချောမွေ့ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ထားကြရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အမိန့်ပေးသည်။
ထားဝယ်အထူးစီးပွားရေးကို ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး သိသာထင်ရှားသည့်တိုးတက်မှုများ မရှိခဲ့သဖြင့် ရင်းနှီးတည်ဆောက်သူ အီတာလျံ-ထိုင်းကုမ္ပဏီ၏ လုပ်ကိုင်ခွင့်ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ က ရပ်နားခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ (DSEZ MC) က ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့်စီမံကိန်းလုပ်ငန်းကိုးခုအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် ချုပ်ဆိုထားသော စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခွင့်စာချုပ်များ (Concession Agreements) အားလုံးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
အဓိက အီတာလျံ-ထိုင်းကုမ္ပဏီအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်မှု ဖော်ဆောင်ရာတွင် အားနည်းမှုကြောင့် စီမံကိန်းလုပ်ခွင့် ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ အီတာလျံ-ထိုင်းကုမ္ပဏီက စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် အကြိမ်ကြိမ် နှောင့်နှေးကြန့်ကြာခြင်း၊ စာချုပ်ပါ ဘဏ္ဍာရေးဆိုင်ရာတာဝန်များ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း၊ စီမံကိန်းဆောင်ရွက်ရန် ဘဏ္ဍာငွေအထောက်အထား မတင်ပြနိုင်ခြင်းစသည့် စွမ်းဆောင်ရည်အားနည်းချက်များကြောင့် ကော်မတီအနေဖြင့် ရင်းနှီးတည်ဆောက်ခွင့်ရရှိသူ၏ စွမ်းဆောင်ရည်များအပေါ် ယုံကြည်မှုများပျောက်ဆုံးခဲ့ရကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။