အင်အား ၂၀၀ ခန့်ရှိ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၇ ယောက်သေ၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အပါအဝင် ၁၄ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)
မတ် ၁၁၊ ၂၀၂၅
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၇ ယောက်သေကာ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် ၁၄ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၄-၁၀) တပ်ရင်းထံက သိရပါတယ်။
မတ်လ ၉ ရက်က နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကနေ ထွက်လာတဲ့ တပ်မ ၁၀၁ လက် အောက်ခံ စစ်ကြောင်းကို ကျားတွင်းဘိုးရွာအနောက်ဘက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ၅ ကြိမ် ပစ်ကူပေးခဲ့ တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူး ဝင်းလှိုင်ဦး၊ ဗိုလ်ကြီးအောင်ကိုကိုအပါ အဝင် စစ်သား ၁၄ ယောက် ဖမ်းဆီးမိခဲ့ပြီး ၂၇ ယောက်သေခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ထံက MA 1 ၁၉ လက် ၊ MA 2 ၂ လက်၊ MA 3 ၇လက်၊ MA 5 ၂ လက်၊ MA 11 ၇ လက်၊ MA 12 ၁ လက်၊ G 3 ၂ လက်၊ G 4 ၁ လက်၊ ၆၀ မမ ပြောင်းတို ၂ လက်၊ ၈၁ မမ စိန်ပြောင်း ၁ လက် ၊ 5.56 ကျည် ၁၂၀၀၀ တောင့်၊ 7.62 ကျည် ၁၀၄၅ တောင့်၊ ၉ မမ ကျည် ၁၉ တောင့်၊ ၆၀ မမ ကျည် ၂၈ လုံး၊ ၈၁ မမ ကျည် ၇ လုံး၊ RPG ကျည်အဖူး ၇ လုံး၊ RPG ပို့ကျည် ၈ တောင့်၊ အီနာဂါ ၂၁ လုံး၊ နင်းမိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၁၁ လုံး၊ Laptop ၂ လုံးနဲ့ ဆက်သွယ်ရေးစက် ၂ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၄-၁၀၊ နွားထိုးကြီးမြို့နယ် ပကဖ နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။