ဆောင်းပြောင်းကျေးရွာတပ်စခန်းတွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်က စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်ကို ပစ်သတ်

by

in

ဆောင်းပြောင်းကျေးရွာတပ်စခန်းတွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်က စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်ကို ပစ်သတ်
ရန်ကုန်၊ ဩဂုတ် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာ တပ်စခန်းတွင် စစ်မှုထမ်း သင်တန်းဆင်းတပ်သားသစ်က စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်ကို ပစ်သတ်လိုက်ကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၄ ရက်နေ့ ဖယ်ခုံ ခမရ ၃၃၆ တပ်သို့ သွားရောက် တာဝန်ထမ်းဆောင်ရမည့် တပ်သားသစ်က ဆောင်းပြောင်းကျေးရွာတပ်စခန်းသို့ ရောက်ရှိစဉ် ယင်းစခန်းမှ ဒုတပ်ကြပ်နှင့် ကင်းစောင့်ခိုင်းသည့်ကိစ္စ စကားများကြကြောင်း၊ ထို့နောက် စစ်မှုထမ်းသင်တန်းဆင်း တပ် သားသစ်က သေနတ်ဖြင့် ဒုတပ်ကြပ်ကို ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်သော တပ်သားသစ်မှာလည်း အဖမ်းခံထားရကြောင်း သိရှိရသည် ။
“ဆောင်းပြောင်းကျေးရွာတပ်စခန်းမှာ ပစ်သတ်မှုဖြစ်တာက။ ဖြစ်တာကတော့ ကင်းစောင့်ခိုင်းရာကနေ စကားများကြပြီး စစ်မှုထမ်းသင်တန်းဆင်း တပ် သားသစ်က ဒုတပ်ကြပ်ကို ပစ်သတ်တာ။ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်ကို ဖယ်ခုံ ခမရ ၃၃၆ ကို သွားခိုင်းတယ်။ မသွားခင် ဆောင်းပြောင်းမှာ ခဏဝင်တာ။ တပ်သားသစ်က ဆောင်းပြောင်းကတစ်ဆင့် ဖယ်ခုံ ခမရ ၃၃၆ ကိုသွားရမှာ” ဟု တပ်သတင်းရင်းမြစ် က ရှင်းပြသည်။
လက်ရှိတွင် စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁ ဆင်း တပ်သားသစ်များအားလုံးကို ရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်နေသဖြင့် တပ်သားသစ်အများစုမှာ မသွားလိုကြဘဲ ထွက်ပြေးမှုများလည်း များပြားနေကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ- စစ်မှုထမ်းသင်တန်းတက်ရောက်နေကြသည့် တပ်သားသစ်များ။