စစ်ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီး၊ ဒုဝန်ကြီး ၁၃ ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါက ဒဏ်ခတ်ပိတ်ဆို့ အရေး ယူ
ရန်ကုန်၊ မတ် ၈
အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင်များ၊ ဝန်ကြီး၊ ဒုဝန်ကြီး ၁၃ ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါနိုင်ငံအစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေး ယူကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Melanie Joy က ယနေ့ ကြေညာသည်။
ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်စေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခြင်းအတွက် မြန်မာစစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းဖြစ် ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့ခံရသူများတွင် စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဝန်ကြီး ကံဇော်၊ ဝန်ကြီး ကိုကိုလှိုင်၊ ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ ပို့/ဆက်ဒုဝန်ကြီး အောင်ကျော်ထွန်း၊ ပို့/ဆက် ဒုဝန်ကြီး အောင်မြိုင်၊ ကာကွယ် ရေးဒုဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး သန်းသန်းလင်း၊ ဒုဝန်ကြီး မင်းထွဋ်၊ စစ်ကောင်စီရုံးဝန်ကြီး ခွန်သန့်ဇော်ထူး၊ ထင်ကျော်သူ၊ အောင်ကျော်ဟိုး တို့ပါဝင်ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့တပ်မတော်နှင့် အမှတ် ၃၃ ခြေလျင်တပ်ရင်းတို့ကိုလည်း ကနေဒါက အရေးယူဒဏ်ခတ်ပိတ်ဆို့ကြောင်း ဆက်လက် ကြေညာသည်။
ယနေ့ ထုတ်ပြန်လိုက်သော ပိတ်ဆို့အရေးယူမှုများမှာ ၎င်းတို့ ကျူးလွန်ခဲ့သည့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ပိုမိုဆိုးရွာလာသော အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ မတည်မငြိမ်မှုများကို တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပြီး မတည်ငြိမ်မှုများနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ တိုးလာခဲ့ကြောင်း ကနေဒါက ဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ ကုလသမဂ္ဂ၏ အစီအရင်ခံစာအရ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သား ပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၄ လအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၆၁ ဦးအပါအဝင် အရပ်သား ၃၅၉ ဦး သေဆုံးခဲ့ပြီး အရပ်သား ၇၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ကနေဒါကအနေဖြင့် နိုင်ငံများအားလုံးကို မြန်မာစစ်ကောင်စီအပေါ် အရေးယူမှုများ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ မြန်မာစစ်တပ်ကို စစ်ဆင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုအားလုံး ရပ်ဆိုင်းရန်၊ လက်နက်၊စစ်ဘက်ဆိုင်ရာ ပစ္စည်း၊ ကိရိယာများနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာအကူအညီများ လွှဲပြောင်းပေးခြင်းတို့ကို ရပ်ဆိုင်းရန်လည်း နိုင်ငံတကာသို့ တောင်းဆိုသည်။
မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် ကနေဒါနိုင်ငံသည် နိုင်ငံတကာမိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်မှု ပြန်လည်ထူထောင်ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တာဝန်ခံမှု ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကနေဒါက ကြေညာသည်။
“တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်ကောင်စီကကျူးလွန်နေမှုတွေအပေါ် ကနေဒါကတော့ ငြိမ်သက်နေမှာ မဟုတ်ပါဘူး။ ကနေဒါနိုင်ငံအနေနဲ့ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ အနာဂတ်ကို ဖော်ဆောင်ပေးမယ့် မြန်မာ ပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ဆက်လက် ထောက်ခံသွားမှာ ဖြစ်ပါတယ်။”ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Mélanie Jolyက ဆိုသည်။
ကနေဒါက လက်ရှိအချိန်အထိ မြန်မာစစ်ကောင်စီနှင့် ဆက်စပ်နေသော လူပုဂ္ဂိုလ် ၁၄၉ ဦးနှင့် အဖွဲ့အစည်း ၉၂ ခုကို အရေးယူထားပြီဖြစ်ကြောင်း သိရှိရသည်။