ရေစကြိုမြို့နယ်၊ မြေစွန်းတော်ရွာကို စစ်တပ်က ၃ ရက်ဆက်တိုက် စီးနင်းခဲ့ပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ကာ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့
ရန်ကုန်၊ မတ် ၇.
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေစွန်းတော်ရွာကို စစ်တပ်က ၃ ရက်ဆက်တိုက် စီးနင်းခဲ့ပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ကာ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မြေစွန်းတော်ရွာကို အကြမ်းဖက် စစ်တပ်၏ ပခုက္ကူ တပ်မ ၁၀၁ ၊ ရေစကြိုရှိ ၂၅၆၊ ၂၅၇ ၊ ၂၅၈ တပ်ရင်းတို့မှ အင်အား ၂၀၀ ဝန်းကျင်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြေစွန်းတော်ရွာမှ အသက် ၇၀ ကျော်အရွယ် ဦးဟန်တင် ၊ အသက် ၆၀ အရွယ် ဦးဌေးမြင့်၊ အသက် ၈၈ နှစ်အရွယ် ဦးသံမဏိ ၊ အသက် ၆၀ အရွယ် ဒေါ်သန်းပြည့် နှင့် အသက် ၈၆ နှစ်အရွယ် ဒေါ်လှငွေ တို့ကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် မီးရှို့သတ်ဖြတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းဥစ္စာ အားလုံးကို ခိုးယူ လုယက်သွားပြီး မတ်လ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာလုံး ကျွတ်နီးပါး မီးလောင် ပြကျခဲ့ကြောင်း သိရသည်။
“စစ်ကြောင်းဝင်ရောက်လာတုန်း လွတ်အောင်ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ပြည်သူတွေကို စစ်ခွေးတွေက သတ်ဖြတ်သွားတယ်။ လတ်တလော အတည်ပြုနိုင်တာ ပြည်သူ ၅ ဦးရှိတယ်။ အချို့ကို သတ်ဖြတ်ပြီး နေအိမ်တွေနဲ့ အတူ မီးရှို့အလောင်းဖျောက်ခဲ့တာ တခြား အတည်မပြုနိုင်သေးတဲ့ သတ်ဖြတ်ခံခဲ့ရသူတွေလည်း ရှိနိုင်ပါတယ်။ သူတို့မအုပ်ချုပ်နိုင်တဲ့နယ်မြေက အပြစ်မဲ့ ပြည်သူတွေကို ဆင်းရဲဒုက္ခမျိုးစုံပေးပြီး ယုတ်မာအောက်တန်းကျတဲ့ အလုပ်တွေကို လုပ်နေကြတဲ့ လူစိတ်ကင်မဲ့နေတဲ့ စစ်တပ်လို့ပဲပြောချင်ပါတယ်” ဟု Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် ဇရပ်နီကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် သာဂေါင်လေးကျေးရွာကိုလည်း ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။