စစ်တွေရှိ တစ်ခုတည်းသော အမြောက်တပ်ကို စစ်ကောင်စီက ခံစစ်အခိုင်အမာပြင်ဆင်၍ သံချပ်ကာကား ယာဉ်တင်အသင့်ပြင်ထား
============
AAက အလုံးအရင်းနှင့် ဝင်တိုက်မည်ကို စိုးရိမ်နေ
ဧရာဝတီတိုင်းမ်
မတ် ၆ရက်
ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် တပ်နယ်မှူးရုံးစိုက်ရာ စစ်တွေတပ်နယ်၏ တစ်ခုတည်းသော အမြောက်တပ် အမတ-၃၇၃ ကို နှစ်ထပ်ဘန်ကာများဆောက်၍ ခံစစ်အခိုင်အမာပြင်ဆင်နေကြောင်း သိရသည်။
ဗန္ဓုလရိပ်သာအတွင်းတွင်လည်း သံချပ်ကားနှစ်စီးကို ယာဉ်တင်အသင့် စုဖွဲ့ထားပြီး ခံစစ်အတွက်ပြင်ဆင်နေကြကာ ဗျူဟာ ရေယာဉ်အုပ်စုများကို နာမည်ခံ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဆင့်ထိ တိုးထားကြောင်း သိရသည်။
“AAက ထုနဲ့ထည်နဲ့ဝင်လာတိုက်မှာကို စိုးရိမ်နေတယ်။ လူအင်အားတွေလည်း တောက်လျှောက်ဖြည့်တယ်။ ဒီနေ့မနက် ဝါဘိုဘက်ကို စစ်တပ်က နှစ်နာရီနီးပါး ဒရုန်းတွေသုံးပြီးတိုက်ခိုက်ထားတာရှိတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် စစ်တွေရှိ ဗျူဟာ သုံး ခုကို ရွှေမင်းဂံဘက်ပြောင်းရွှေ့ထားပြီး ပင်လယ်ပြင်တွင် ရေယာဉ်ကြီးငယ် ၄၀ နီးပါးဖြင့် တပ်လှန့်ထားကာ ယနေ့ မတ် ၆ ရက် နံနက် ၇နာရီခန့်မှစ၍ ဝါဘိုကျေးရွာကို ဒရုန်းဗုံးများကြဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ကျောက်ဖြူတိုက်ပွဲမဖြစ်ခင်က ကျောက်ဖြူရှိ ခြေလျင်၊ ခြေမြန်တပ်ရင်း သုံးခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို စစ်တွေရှိ တပ်ရင်းများသို့ ပို့ထားပြီး ယခု မတ်လအတွင်း စစ်တွေကို စစ်ကောင်စီက လိုအပ်သည့်ခဲယမ်းနှင့် ရိက္ခာများ၊ လူအင်အားများကို ရေကြောင်း၊ လေကြောင်းမှတဆင့် ပို့ဆောင်နေကြောင်း သိရသည်။
#စစ်တွေ #အမြောက်တပ် #ခံစစ်အခိုင်အမာပြင်ဆင် #AA #Ayeyarwaddy_Times