စစ်မှုထမ်းသင်တန်းဆင်း စစ်သားများကို ၁ ဦးလျှင်လစာ ငွေကျပ် ၅ သိန်း ၁ သောင်းပေးမည်ဟုဆိုခဲ့သော်လည်း လက်တွေ့တွင် ၁ သိန်း ၇ သောင်းသာ ပေးပြီး လစာ အပြည့်အ၀ မပေး

by

in

စစ်မှုထမ်းသင်တန်းဆင်း စစ်သားများကို ၁ ဦးလျှင်လစာ ငွေကျပ် ၅ သိန်း ၁ သောင်းပေးမည်ဟုဆိုခဲ့သော်လည်း လက်တွေ့တွင် ၁ သိန်း ၇ သောင်းသာ ပေးပြီး လစာ အပြည့်အ၀ မပေး
ရန်ကုန်၊ ဩဂုတ် ၂၆

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်း စစ်သားများကို ၁ ဦးလျှင်လစာ ငွေကျပ် ၅ သိန်း ၁ သောင်းပေးမည်ဟုဆိုခဲ့သော်လည်း လက်တွေ့တွင် ၁ သိန်း ၇ သောင်းသာ ပေးပြီး လစာ အပြည့်အ၀ မပေးကြောင်း လစာအပြည့်အ၀ မရရှိသည့် တပ်သားသစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို လစာနှင့်စားရိတ် လစဉ် စုစုပေါင်း ၅ သိန်း ၁ သောင်းကျော်ခံစားခွင့်ပေးမည်ဟု စစ်တပ်ထဲ မဝင်ခင်က စစ်ကောင်စီက ရှင်းပြခဲ့ကြောင်း၊ ထို့ကြောင့် စားပြီးသောက်ပြီး စရိတ်ငြိမ်း တစ်လလျှင် ငွေကျပ် ၃ သိန်း ၆ သောင်း ကျော် စုဆောင်းရရှိလိမ့်မည်ဟု ပြောဆိုခဲ့ကြောင်း၊ သို့ရာတွင် လက်တွေ့တွင်မူ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် တစ်ဦးလျှင် ငွေကျပ် ၁၇၄၀၀၀ ကျပ်သာ ပေးကြောင်း သိရှိရသည်။
“လစာတွေက သူတို့ ပြောသလို အပြည့်မပေးဘူး။ လစာကိုတောင် လကုန်ပြီး ၁၀ ရက်ကျော်၊ ၁၅ ရက်လောက်မှ ပေးတယ်။ သင်တန်းတက်တုန်းက တစ်လကို ၅ သိန်း ၁ သောင်းကျော် စုစုပေါင်း ရမယ်ပြောတယ်။ တကယ် သင်တန်းဆင်းပြီးတော့ ၂၈၀၀၀၀ ပဲရမယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်တို့ကို ရှေ့တန်းပို့တယ်။ အဲဒါ အခု လစာက ၂၈၀၀၀၀ လည်းမရဘူး။ ၁ လကို ၁၇၄၀၀၀ ကျပ်ပဲ ပေးပါတယ်” ဟု ရှမ်းပြည်နယ်တောပိုင်း၊ ပင်လောင်းဘက်သို့ အပို့ခံရသည့် စစ်ကောင်စီတပ်သားသစ်တစ်ဦးက ရှင်းပြသည်။
ထို့ပြင်စစ်သားတစ်ဦးလျှင် သက်စွန့်စရိတ်အဖြစ် တစ်လလျှင် ငွေကျပ် ၁ သိန်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ယင်းသက်စွန့် စရိတ်ကိုလည်း ပေးခြင်းမရှိကြောင်း၊ လူပျိုများအတွက်ရိပ်သာ၊ အိမ်ထောင်သည်များအတွက် တိုက်ခန်းများနေအိမ်လိုင်းခန်းများတွင် ရေ၊မီး၊အိမ်လခ အခမဲ့နေထိုင်ခွင့်ပေးမည်ဟု ပြောဆိုမှုများမှာလည်း လက်တွေ့တွင် လုံး၀ မဟုတ်မှန်ကြောင်း၊ တပ်ထဲလိုင်းခန်းများတွင် နေရာချထားပေးခြင်းမရှိသည့်အပြင် မိသားစုကိုပါ တာဝန်ကျရာ နေရာသို့ လုံး၀ ခေါ်ယူခွင့်မပေးကြောင်း၊ ရှေ့တန်းရောက်ချိန်များတွင် မိသားစုကို လုံး၀ ဆက်သွယ်ခွင့်မပြုကြောင်း သိရှိရသည်။
“သင်တန်းတက်တုန်းကတော့ ရွှန်းရွှန်းဝေနေတာပဲ ပြောတာ။ သင်တန်းလည်းဆင်းရော လုပ်ချင်ရာလုပ်တော့တာပဲ။ ကျနော်တို့ကိုလည်း ၂ နှစ်လို့သာ ပြောတာ။ အခုက အိမ်ကိုလည်း ဆက်သွယ်ခွင့်မပေးဘူး။ ဖုန်းတွေလည်း သိမ်းထားတယ်။ တစ်ခုခု အိမ်ကိုပြောချင်ရင် အခြားသူတွေဆီက ဖုန်းငှား၊ အခုသတင်းဌာနကိုတောင် ယုံကြည်စိတ်ချရသူတွေဆီကနေ ဆက်သွယ်တာပါ။ ပြောချင်တာကတော့ အဲဒါ ကျနော်တစ်ဦးတည်း ဖြစ်နေတာမဟုတ်ဘူး။ စစ်မှုထမ်းသင်တန်းဆင်းအားလုံးကြုံနေရတာ” ဟု စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်း စစ်သည်တစ်ဦးက ဆိုသည်။
စစ်ကောင်စီက လက်ရှိတွင် လစဉ် ခေါ်ယူနေသော စစ်မှုထမ်းသင်တန်းများအတွက် လူပြည့်မီခြင်းမရှိသဖြင့် အသက်အကန့်အသတ်ကို ဖြေလျှော့ပြီး အသက် ၃၅ နှစ်ကျော်သူများကိုလည်း စစ်ထဲသို့ ခေါ်သွင်း​ပြီး စစ်မှုထမ်းသင် တန်းများ တက်ရောက်ခိုင်းနေကြောင်း သိရှိရသည်။