ရန်ကုန်မြို့တွင် အပူချိန် ၃၉ ဒီဂရီဆဲလ်စီးယပ် အထိရှိနိုင်ပြီး မြို့ကြီးများတွင် နေ့အပူချိန်မြင့်တက်မည်
ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
ပူပြင်းသောနွေရာသီရောက်ရှိလာချိန်တွင် ရန်ကုန်မြို့၌ အပူချိန် ၃၉ ဒီဂရီဆဲလ်စီးယပ်ထိရှိနိုင်ကာ မြို့ကြီးများတွင် နေ့အပူချိန်မြင့်တက်လာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်မြို့၌ လာမည့် မတ်လ ၅ ရက်နေ့တွင် အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီဆဲလ်စီးယပ်ရှိပြီး မကွေးမြို့တွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ် အထိဖြစ်နိုင်ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတွင် အပူချိန် ၃၉ ဒီဂရီဆဲလ်စီးယပ်၊ မန္တလေးတတွင် အပူချိန် ၃၈ ဒီဂရီဆဲလ်စီးယပ်၊ မုံရွာတွင် အပူချိန် ၃၈ ဒီဂရီဆဲလ်စီးယပ်၊ နေပြည်တော်အပါအဝင် မော်လမြိုင်၊ ဘားအံ့နှင့် ပုသိမ်တို့တွင် အပူချိန် ၃၇ ဒီဂရီဆဲလ်စီးယပ်ရှိနိုင်ကြောင်းသိရသည်။
လာနီညာကြောင့် အပူချိန်မြင့်တက်မှုများရှိနေသော်လည်း ယခင်နှစ်ထက် အပူချိန်လျော့နည်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရပ်ကိုလေ့လာနေသူ ဦးဝင်းနိုင်က ပြောကြားထားသည်။
ထို့ပြင် အပူချိန်မြင့်တက်နေသော နေ့လယ်နေ့ခင်းအချိန်များ၌ နေရောင်ခြည်တိုက်ရိုက်ထိတွေ့သည့် နေရာများတွင် အလုပ်လုပ်ကြရသူများ၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ရေဓါတ်ဆုံးရှုံးမှုများပြီး အပူလျှပ်ခြင်း(Heat-stroke)ကို ခံစားရနိုင် သဖြင့် သတိပြုရန်လိုအပ်ကြောင်း၎င်းက ဆက်လက် ပြောကြားသည်။
“နေပူပူမှာ အလုပ်လုပ်ကြရသူတွေဟာ အပူလွန်ကဲတဲ့နွေရာသီရောက်ရင် ခြေလက်တွေ နာကျင် ကိုက်ခဲပြီး အပူဒဏ်ကြောင့် ကြွက်တတ်ခြင်းကြုံရတတ်တာမို့ အဲ့ဒီလို ကြုံရတဲ့အခါ အရိပ် အောက်မှာ ခဏနားနေပြီး ဓာတ်ဆားရည်သောက်သုံးသင့်တယ်” ဟု ဧရာ၀တီတိုင်းမ် သတင်းဌာန၏ ပင်တိုင် ဆောင်းပါးရှင် ဒေါက်တာမိုးသစ်နေက အကြံပြုထားသည်။
ယခု မတ်လ ပထမ ၁၀ ရက်အတွင်း မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေ့အပူချိန်များ ၄၀ ဒီဂရီဆဲစီးယပ် အထက်မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
ပြီးခဲ့သည့်နှစ် မတ် မှ မေလ အထိ အယ်လ်နီညိုရာသီဥတုအခြေအနေကြောင့် ယခုနွေရာသီကာလတွင် နေ့အပူချိန် ၃၉ ဒီဂရီ ဒီဂရီဆဲလ်စီးယပ် မှ ၄၂ ဒီဂရီဆဲလ်စီးယပ် အထိရှိလာနိုင်ကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
