ရန်သူ ဝမ်းသာမည့် ကိစ္စရပ်များကို ရှောင်ရှားကာ တော်လှန်ရေးအင်အားစု အားလုံး ညီညွတ်ရေးကို ရှေ့ရှုကြဖို့ NUG ယာယီသမ္မတ တိုက်တွန်း
မတ် ၅၊ ၂၀၂၅
လူမျိုးစုတွေ ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၈/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာပါ။
“ဘုံညီညွတ်ရေးလို့ ပြောတဲ့နေရာမှာ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် အထူးပြု ရည်ရွယ်တာဖြစ်ပါတယ်။ လူမျိုးစုအချင်းချင်းအကြား ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစု အားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြဖို့လည်း လိုပါတယ်“ လို့ ယာယီသမ္မတက ဆိုပါတယ်။
လက်ရှိမှာ ချင်းပြည်ကောင်စီ (CC) နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) တို့အကြား ဘုံပေါင်းစည်းမှုတစ်ရပ် လုပ်ဆောင်နိုင်ဖို့ ခြေလှမ်းစနိုင်တော့မှာ ဖြစ်လို့ NUG အနေနဲ့ ဝမ်းသာဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။
နွေဦးတော်လှန်ရေးအတွင်းမှာ ချင်းတို့ရဲ့ ညီညွတ်ရေးဟာ တခြားသော လူမျိုးစုတော်လှန်ရေးအဖွဲ့တွေအတွက် ကနဦး စံပြဖြစ်လာဖို့ လိုတယ်လို့ ယူဆကြောင်း ယာယီသမ္မတက ဆိုပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးမှာ အဖွဲ့ပေါင်းများစွာ ထွက်ပေါ်လာတာဟာ အင်အားတစ်ရပ် ဖြစ်တယ်ဆို ပေမယ့် တော်လှန်ရေးအဖွဲ့တွေအားလုံးကို ဘုံညီညွတ်ရေးတည်ဆောက်နိုင်ပြီး တစ်စုတစ်စည်းတည်း စုဖွဲ့နိုင်ခြင်းက ပိုပြီး အားကောင်းမှုကို ဖြစ်စေတယ်လို့လည်း ပြောပါတယ်။
စစ်အစိုးရအဆက်ဆက်ဟာ လူမျိုးစုညီညွတ်ရေးကို မလိုလားသလို တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား စုစည်းပေါင်းစည်းသွားမှာကိုလည်း မလိုလားတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် “ရန်သူ ဝမ်းသာအောင် လုပ်ဆောင်မယ့် ကိစ္စရပ်တွေကိုလည်း ရှောင်ရှားရမယ်” လို့ ယာယီသမ္မတကပြောပါတယ်။
“နိုင်ငံတကာအခင်းအကျင်းကလည်း ပြောင်းလဲမှုတွေ ရှိလာတာကြောင့် ကျနော်တို့ဟာ ကမ္ဘာ့နိုင်ငံရေးအခြေအနေကို မပြတ်ကြည့်ရှုပြီး အပြောင်းအလဲတွေနဲ့အတူ လိုက်ပါစီးမျောရင်း ကျနော်တို့ရဲ့ မဟာဗျူဟာချဉ်းကပ်မှုတွေကို ထိရောက်မှုရှိစေဖို့ လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း” ယာယီသမ္မတက ပြောခဲ့ပါတယ်။
