“ဒီကနေ့မနက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မအူပင်မြို့ပေါ်မှာ ပျက်စီးမှုများပြား”
ဒီကနေ့မနက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မအူပင် မြို့ပေါ်မှာ ပျက်စီးမှုများပြားခဲ့ပြီးမအူပင်၊ ဇောတိကာရုံကျောင်း ဘုရားဆောင် အမောက် ကွန်ကရစ်ပြားက စိန်းလွန်းရိပ်သာ လှေကားဆောင်အမိုးပေါ် ပြုတ်ကျတာကြောင့် စွန်းလွန်းရိပ်သာရှေ့ နေကာအမိုး တစ်ဝက် ပြိုကျသွားခဲ့ပါတယ်။
ဒါ့အပြင် အခြားလူနေအဆောက်အဦများလည်းပျက်စီးမှုရှိခဲ့ပြီး ကိုယ်တွေ့ကြုံသူတဦးက လူမှုကွန်ရက်မှာအခုလိုရေးသားထားပါတယ်။
……. “ငလျင်လှုပ်တော့ ကိုယ်က အိပ်မပျော့တပျော် ခေါင်းရင်းအိမ်မှာအိပ်တဲ့ အဖေနဲ့အမေကို စိုးရိမ်စိတ်နဲ့ကြုံးထပြီး အိမ်တံခါးရှေ့ရောက်တော့ ငလျင်ကမငြိမ်သေးဘူး အရှိန်နဲ့ နောက်ပြန်လဲ ဘာတွေဖြစ်လို့ဖြစ်သွားမှန်းမသိ ၊တံခါးဖွင့်ပြီး အပြင်ရောက်တော့ လမ်းမမှာ လူတယောက်ရပ်နေတာတွေ့ ငလျင်လှုပ်တာလားလို့ ကိုယ်မေးတော့ လှုပ်လားမသိဘူးတဲ့ သူကဇဝေဇဝါနဲ့ ကိုယ်ပါ ဇဝေဇဝါဖြစ်သွားတယ် ကိုယ်ပဲမှားတာလာလို့ခေါင်းရင်းအိမ်ကို ကြည့်တော့ မီးဖွင့်တာမတွေ့ ပိုပြီးဇဝေဇဝါဖြစ်သွားတယ်
အဲ့ချိန်မှ အိမ်ထဲက မီးဖွင့်တာတွေ့ နောက်တခါထပ်လှုပ် ၊အဲ့ချိန်မှကိုယ်ကလှမ်းအော် အဖေနဲ့အမေက တံခါးတော်တော်နဲ့ဖွင့်မရ ကိုယ်ကပိတောက်ပင်အောက်မှာ ပိတောက်ပင်ကြီးကရိမ်းထိုးနေ အနောက်လမ်းက မီးကြိုးတွေ တဖျန်းဖျန်းနဲ့မီးတွေပန်းထွက်ရှော့ဖြစ်ပြီး မီးပါပျက်သွား ၊အဲ့တော့မှ အဖေနဲ့အမေက အပြင်ထွက်လာနှိုင်တယ် အမေကမူးနေပြီး မျက်နှာကိုလက်နဲ့အုပ်ပြီးထွက်လာ၊အိပ်ယာပေါ်ကကြုံးအထ ငလျင်အရှိန်နဲ့ လယ်ပြီးကုတင်ပေါ်ကမှောက်လျှက်ပြုတ်ကျတာ မျက်နှာနဲ့သမံသလင်းနဲ့ဆောင့်ပြီး နှုပ်ခမ်းပေါက်သွားတယ်ဒူးလည်းနာသွားတယ် “…….
Credit – Htet Aung Bo
Photo – Pha Htee
ပြင်းအား ၅ဒသမ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင် ၃ ကြိမ်ထပ်မံလှုပ်ခတ်
မတ် ၅၊ ၂၀၂၅
မတ်လ ၅ ရက် မနက် အစောပိုင်း တွင် ညောင်တုန်းမြို့ အရှေ့တောင်ဘက် (၆) မိုင်ခန့်အကွာဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင် နဲ့ နောက်ဆက်တွဲ ငလျင် ၃ကြိမ် လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နံနက် ၄နာရီ ၃၆ မိနစ် ၄၇ စက္ကန့် အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၅.၁) ဖြင့်လှုပ်ရှားခဲ့ပြီးနောက်
၄နာရီ ၅၄မိနစ် ၉စက္ကန့် တွင်အင်အားရစ်(ခ်)တာစကေး ၄.၈ရှိငလျင်တစ်ကြိမ်၊ ၅နာရီ ၂၀မိနစ် ၄၈စက္ကန့် တွင် အင်အားရစ်(ခ်)တာစကေး ၃.၅ တစ်ကြိမ်၊၅နာရီ ၂၃မိနစ် ၅၅စက္ကန့်တွင် အင်အားရစ်(ခ်)တာစကေး ၃.၁တစ်ကြိမ် တို့လှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြေငလျင်လှုပ်ခတ်မှု ကို ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းက မြို့နယ်အချို့မှာ သိသိသာခံစား ရပြီး ရန်ကုန်ရှိ အထပ်မြင့် တိုက်ခန်း နေသူ အချို့ တိုက်ပေါ်မှ ဆင်းပြေးရတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“ဒီတခါလှုပ်တာ အတော်လေးကြမ်းတယ် ပထမတခါ လှုပ်ပြီးတော့ အိပ်နေတဲ့သူတွေ အကုန်နိုးကုန်ရော တိုက်က ငါးထပ်တိုက်ဆိုတော့ ဆူဆူညံညံ ဖြစ်ကုန်တာပေါ့ နောက်တစ်ကြိမ် လှုပ်တော့ လူတွေ တိုက်အောက်အကုန်ဆင်းပြေးတာ “”လို့ အင်းစိန်မြို့နယ်နေသူတစ်ဦးကပြောပါတယ်။
ယခု ငလျင်လှုပ်ခတ်မှုကြောင့် အချို့နေရာတွေ မှာ အသင့်တင့်ပျက်စီးမှု အနည်းငယ်ရှိကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပြထားတာတွေ့ရပေမယ့် သက်ဆိုင်ရာဌာန တွေက ထုတ်ပြန်ထားတာ တော့မရှိသေးပါဘူး။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ငလျင်မလှုပ်မီ၊ လှုပ်ခတ် စဉ်နဲ့ ငလျင်လှုပ်ပြီး အချိန် များတွင် သတိပြုလိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေ ကိုတော့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက် ကလည်း တိုက်ကြီး မြို့ရဲ့ အရှေ့တောင်ဘက် ၇မိုင်ခန့်အကွာ အနက်၁၀ကီလိုမီတာ ကိုဗဟိုပြုပြီး အင်းအားရစ်(ခ်)တာစကေး ၄.၅အဆင့် ရှိ ငလျင်တစ်ခု လှုပ်ခတ် ခဲ့ပါသေးတယ်။