BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက ထိုင်းရှေ့ချုပ်ရုံးဆီ လျှောက်ထား…
မတ် ၃၊ ၂၀၂၅
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က သက်သေတွေနဲ့အတူ ထိုင်းရှေ့နေချုပ်ရုံးကို မတ်လ ၃ ရက် ဒီနေ့မှာ တင်သွင်းလိုက်ပြီလို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
စောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ဖို့ရာမှာ ထိုင်းနိုင်ငံက ပြည်သူတွေနဲ့ နိုင်ငံတကာပြည်သူတွေကို လူကုန်ကူးတဲ့အကြောင်းအရင်းက အဓိက ဖြစ်တယ်လို့ ထိုင်းသတင်းဌာန Khaosod English က ဆိုပါတယ်။
DSI က ထိုင်းရှေ့နေချုပ်ရုံးကို တင်သွင်းထားတဲ့ အဲ့ဒီဖမ်းဝရမ်းဟာ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ လူကုန်ကူးမှုတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်လို့ ဆိုပါတယ်။
DSI ရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူးက ဗိုလ်မှူးကြီးစောချစ်သူနဲ့ သူ့နောက်လိုက်တွေကို ဖမ်းဝရမ်းထုတ်ဖို့ အထောက်အထားတွေ လုံလောက်ကြောင်း အတည်ပြုပြီး ရှေ့နေချုပ်ရုံးဆီ ဦးတိုက် လျှောက်ထားလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ ၊ ဗိုလ်မှူးကြီး စောမုတ်သုံနဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမယ်လို့ အရင်ကတည်းက ပြောဆိုမှုတွေ ရှိခဲ့ပါသေးတယ်။
ရွှေကုက္ကိုလ်မြို့သစ်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဆီ လူကုန်ကူးခံရသူတွေဟာ ထိုင်းနိုင်ငံကတဆင့် ဝင်ရောက်လာသူတွေဖြစ်ပြီး ထိုင်းဗီဇာနဲ့ လာရောက်သူအများစုဖြစ်နေတယ်လို့လည်း ဗိုလ်မှူးကြီးစောချစ်သူက ပြောဆိုခဲ့ပါသေးတယ်။
