မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ စစ်ကောင်စီရော AA ပါ အခွန်ကောက်ခံနေဟု ဘင်္ဂလားဒေ့ရှ်ဆို
မတ် ၂၊ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ စစ်ကောင်စီရော၊ အာရက္ခတပ်တော် (AA)ပါ အခွန်ကောက်ခံနေလို့ နှစ်ဖက်လုံးနဲ့ ထိတွေ့ဆက်ဆံနေရကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jahangir Alam Chowdhury က မတ်လ ၁ ရက်မှာ ပြောပါတယ်။
“ပထမတော့ စစ်တွေကနေ ဝင်လာတဲ့ ကုန်ပစ္စည်းတွေအတွက် မြန်မာအစိုးရက အခွန်ကောက်တယ်။ ဒါပေမယ့် နယ်စပ်ကို အာရက္ခတပ်တော်က ချုပ်ကိုင်ထားတာကြောင့် သူတို့လည်း အခွန်ကောက်တယ်။ ဒါက ကိုင်တွယ်ဖို့ခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ဒီကိစ္စကိုင်တွယ်ဖို့ အကြီးတန်း ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားပါတယ်” လို့ သူကပြောပါတယ်။
(ဘင်္ဂလားဒေ့ရှ် ဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးနဲ့ ညီမျှတဲ့) အကြံပေးအရာရှိချုပ် အထူးလက်ထောက် Khalilur Rahman ကို ဒီကိစ္စအတွက် ဆက်ဆံရေးမှူးအဖြစ် ခန့်အပ်ကြောင်း သူကဆိုပါတယ်။
အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ရော AA နဲ့ပါ နှစ်ဖက်စလုံးနဲ့ ဆက်သွယ်ရေးတွေ ဆက်လက်ထားရှိတယ်လို့ ပြည်ထဲရေးအကြံပေးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရသစ်ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေက AA ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အသိအမှတ်ပြု ဆောင်ရွက်နေရတဲ့အကြောင်း ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော် ပဋိပက္ခကြောင့် Teknaf ကုန်းတွင်းဆိပ်ကမ်းကတဆင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်မှုဟာ လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ် ၂ခုအတွင်း သိသိသာသာကျဆင်းသွားတယ်လို့ Teknaf အကောက်ခွန်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
Teknaf အကောက်ခွန်အချက်အလက်တွေအရ ၂၀၂၃ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ သွင်းကုန်တန်ဖိုးဟာ ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ မြန်မာနိုင်ငံကို ပို့ကုန်တန်ဖိုးဟာ သုံးပုံတစ်ပုံအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။
မြန်မာကနေ အဓိကအားဖြင့် ငါးခြောက်၊ ရေခဲရိုက်ငါး၊ ကွမ်းသီး၊ ကြက်သွန်နီ၊ ဂျင်း၊ အုန်းသီး၊ သစ်သားနဲ့ အခြား ကုန်ပစ္စည်းတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်သွင်းတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကနေ ဘိလပ်မြေနဲ့ အာလူးတို့ကို မြန်မာနိုင်ဆီ အဓိက တင်ပို့တာဖြစ်ပါတယ်။
ပုံစာ – ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jahangir Alam Chowdhury
