ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၊ ဩရွဇာရွှေဆိုင်မှ ရွှေ ၁ ပိသာကျော်ကို ဓားပြတိုက်သွားမှု ရွှေ့ပြောင်း မြန်မာအများစု၏လုံခြုံရေးအတွက် အထူးစိုးရိမ်နေရ
ရန်ကုန်၊မတ် ၃
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၊ Lotus ကုန်တိုက်တွင် ဖွင့်လှစ်ထားသော ဩရွဇာရွှေဆိုင်မှ ရွှေ ၁ ပိသာကျော်ကို ယမန် နေ့ ညပိုင်း ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ယင်းဓားပြတိုက်မှု၏ တရားခံမှာ လွတ်မြောက်သွားသဖြင့် ရွှေ့ ပြောင်း မြန်မာအများစု၏ လုံခြုံရေးအတွက် အထူးစိုးရိမ်နေရကြောင်း မဲဆောက်ရောက် မြန်မာအလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၂ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ Lotus ကုန်တိုက်မှ ဩရွဇာရွှေဆိုင် ၅ ကို အနက်ရောင်ဆိုင်ကယ်စီးဉီးထုပ်၊ Line Man Delivery ယူနီဖောင်း ဝတ်ဆင်ထားသော လူ ၁ဦးက သေနတ်ကိုင်ဆောင် ဝင်ရောက် လုယက် ဓားပြတိုက်ကြောင်း၊ ယင်းနောက် ဆိုင်ကယ်ဖြင့် မောင်းပြေးသွားကြောင်း သိရှိရသည်။
လုယက်ဓားပြတိုက်မှုကြောင့် ဩရွဇာရွှေဆိုင်မှ ရွှေ ၁၀၂ ကျပ်သား ပါသွားပြီး တရားခံကို ဖမ်းဆီးရရှိခြင်းမရှိကြောင်း၊ သို့ရာတွင် မဲဆောက်မြို့တွင် နေထိုင်ကြသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ၊ တိမ်းရှောင်လာသူများအနေဖြင့် အလွန်စိုးရိမ်နေကြကြောင်း သိရှိရသည်။
“ကျားဖြန့်ကိစ္စတွေ ဖြစ်တော့လည်း မဲဆောက်မှာ အိမ်တွေအထဲအထိဝင်ဖမ်းတာဖြစ်နေတယ်။ အရင်က ရဲကတ် လုပ်ပြီး နေလို့ရတယ်။ အခုက ဘတ်တင်ပြီး Name List ကျတာတောင်မှ မလုံခြုံဘူးဖြစ်နေတယ်။ အရင်ရက်ကလည်း စစ်မှုထမ်းရမှာမို့လို့ ပြေးလာတဲ့ လူငယ်တချို့ မယ်ပ ဘက်မှာ တန်းလျားမှာနေရင်း အဖမ်းခံလိုက်ရတယ်။ ဘာအထောက်အထားမှ မရှိတော့ နေ့ချင်း မြ၀တီဘက်ကို ပြန်ပို့တာ စစ်မှုထမ်းပါသွားတယ်ဆိုလားကြားမိတယ်။ အခု ဓားပြမှုဖြစ်တော့ တရားခံက မြန်မာဖြစ်နေရင်တော့ မဲဆောက်မှာ ရှိနေတဲ့ မြန်မာတွေ တရားဝင်ရော၊ တရားမဝင်ပါ အကုန်အနေအထိုင် ကျပ်ကုန်မှာ။ အဲဒါပဲ စိုးရိမ်နေရတယ်” ဟု မဲဆောက်ရောက် CDM ဝန်ထမ်း တစ်ဦးက ပြောဆိုသည်။
လက်ရှိ မဲဆောက်မြို့တစ်ဝန်းတွင် နေ့ရော ညပါ ထိုင်းရဲများက လုံခြုံရေး ဂိတ်ကင်းများချ စစ်ဆေးမှုများ ရှိသည့်အပြင် မဲဆောက်မြို့ အပြင် ကျေးရွာများတွင်လည်း မြန်မာများကို ည ၉ နာရီကျော်သည်နှင့် ညမထွက်ရ အမိန့် ကို ရွာသူကြီးများနှင့် ထိုင်းပြည်သူ့စစ်များက ထုတ်ပြန်ထားကြောင်း မဲဆောက်မှ မြန်မာတချို့က ဆိုကြသည်။
ဗီဒီယို- ယမန်နေ့ မဲဆောက်ရှိ ရွှေ့ဆိုင်ကို လုယက်နေသည့် CCTV ဗီဒီယို။