မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုက ရဲဘော် ၄ ဦး ကျဆုံး

by

in

မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုက ရဲဘော် ၄ ဦး ကျဆုံး
DVB

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်မှာရှိတဲ့ မိုးဗြဲမှာ ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်လို့ တော်လှန်ရေးအင်အားစုက ရဲဘော် ၄ ယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းအသီးသီးက ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က မိုးဗြဲ ၄၂၂ တပ်ကနေ စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေး အင်အားစုတွေက ပူးပေါင်းတိုက်ခိုက်နေကြပြီး စစ်ကြောင်းဆက်မထိုးနိုင်ဘဲ ပြန်ဆုတ်သွားရတယ်လို့ သိရပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးတဲ့အရေအတွက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မြေပြင်သတင်းရင်းမြစ်တယောက်က “ညဘက်တော့ လေယာဉ်နဲ့ ၄ ကြိမ် လာပစ်တယ်။ လွိုင်ကော်ဘက်ကနေ လက်နက်ကြီးနဲ့ တညလုံးပစ်ကူနေတယ်။ သူတို့အထိနာတယ်လေ” လို့ ပြောပါတယ်။
တိုက်ပွဲတွေအတွင်း ကယန်းအမျိုးသားကာကွယ်ရေးတပ်မတော် KNA ၂၁၀၅ တပ်ရင်းက ဒုတပ်ခွဲမှူး Paskwale (ခ)ခွန်းငိန်းရှား ဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျဆုံးခဲ့ရပါတယ်။
မြို့ပြတော်လှန်ရေးတပ်ဦး Urban Revolutionary Front- URF က ရဲဘော်အောင်မြင့်နဲ့ ရဲဘော် ရောဘတ်တို့ကတော့ ဒရုန်းထိမှန်ခဲ့လို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကျဆုံးခဲ့ရပါတယ်။
ကရင်နီပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ က ရဲဘော် တီနို့ ဟာလည်း စစ်ကောင်စီနဲ့တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းမှူးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
တခြားတပ်ရင်းတချို့မှာလည်း ရဲဘော်တချို့ ကျဆုံးတယ်လို့ သိရပေမဲ့ တပ်ရင်းတွေဘက်ကတော့ အတည်ပြုထုတ်ပြန်တာမရှိသေးပါဘူး။
ခုလက်ရှိမှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
#DVB #KNDF #လွိုင်ကော် #ကရင်နီ #မိုးဗြဲ