ရိုဟင်ဂျာများ အပါအဝင် မြန်မာပြည်သူများမှာ အကြောက် တရားအောက်တွင် နေထိုင်နေရပြီး လုံခြုံ စိတ်ချမှုကို မခံစားရဘဲ ပြဿနာ၏ မူလဇစ်မြစ် စစ်တပ်နှင့်စစ်အာဏာရှင်သာဖြစ်ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းပြော
ရန်ကုန်၊ မတ် ၁
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများ အပါအဝင် ပြည်သူများမှာ အကြောက် တရားအောက်တွင် နေထိုင်နေရပြီး လုံခြုံ စိတ်ချမှုကို မခံစားရဘဲ ပြဿနာ၏ မူလဇစ်မြစ် စစ်တပ်နှင့်စစ်အာဏာရှင်သာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၊ နယူးယောက်မြို့ ၊ ကုလသမဂ္ဂဌာနချုပ်တွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားသော လူနည်းစုများဆိုင်ရာ အဆင့်မြင့် နိုင်ငံတကာကွန်းဖရင့် ကျင်းပပြုလုပ်ရေးနှင့်ပတ်သက်၍ Modality အဆိုမူကြမ်းကို ပထမအကြိမ် အလွတ်သဘော ဆွေးနွေးသည့် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
ရိုဟင်ဂျာများ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်နှင့် သိက္ခာရှိစွာ နေရပ်ပြန်လည်ရောက်ရှိနိုင်ရေး အပါအဝင် ရိုဟင်ဂျာ အရေးကိစ္စအား ရေရှည်တည်တံ့သောအဖြေ ရရှိရေး ဆောင်ရွက်မှု သည် မိမိတို့အားလုံးအတွက် အလွန် အရေးကြီးကြောင်း၊ ရေရှည် တည်တံ့သော အဖြေ ရရှိရေးအတွက် ပြဿနာ၏ ဇစ်မြစ်အား ကိုင်တွယ်ဖြေရှင်းရန်နှင့် နိုင်ငံရေးအရ အဖြေ ရရှိရန် လိုအပ်ကြောင်း၊ စစ်တပ်နှင့် စစ်အာဏာရှင်စနစ်တို့က ပြဿနာ၏ ဇစ်မြစ်ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရန်နှင့် တည်ငြိမ်မှုရှိရန်မှာ အားလုံးထက်ပို၍ မြန်မာပြည်သူများက လိုလားကြောင်း၊ မြန်မာနိုင်ငံ တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိနိုင်ရေး အတွက် အဖြေရှာရန် ပြည်သူများတွင် ခိုင်မာသော သန္နိဋ္ဌာန်ရှိ၊ ရိုဟင်ဂျာအရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံ ပြဿနာ တစ်စုံလုံး အတွက် ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်မည့်နည်းလမ်းကို ရှာဖွေရာ၌ မြန်မာပြည်သူများ ၏ စိတ်ဆန္ဒနှင့် အကျိုးစီးပွားတို့ဖြင့် ကိုက်ညီမှုရှိသည့် ထိရောက်သော နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ထောက်ခံအားပေးမှု တို့ကို မြန်မာပြည်သူများ အနေဖြင့် လိုအပ်ကြောင်း ဦးကျော်မိုးထွန်းက ပြောဆိုသည်။
ပြီးခဲ့သော (၄) နှစ်ကျော်ကာလအတွင်း၌ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာ ပြည်သူများအတွက် နေ့ရက်တိုင်းသည် ကြေကွဲဖွယ်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အကြောက် တရား ဖြင့် နေထိုင်နေရပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ လုံခြုံ စိတ်ချမှုကို မခံစား ရ ကြောင်း၊ ပြည်သူအားလုံး၊ အထူးသဖြင့် အမျိုး သမီးများနှင့် မိန်းကလေးငယ်များ၊ ကလေးသူငယ်များ အနေဖြင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ခါး စည်းခံနေရကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေတစ်ရပ်လုံးသည်သာမက လူသားချင်းစာနာမှုအခြေအနေကလည်း အမှန်တကယ်ပင် အလွန်အမင်း ဆိုးရွားလျက်ရှိကြောင်း ဦးကျော်မိုးထွန်းက ဆက်လက်ပြောဆိုသည်။
စစ်တပ်အနေဖြင့် အရပ်သားလူထုအပေါ် လေကြောင်းမှ တဆင့် မဆင်မခြင် ဗုံးကျဲတိုက်ခိုက်မှုများကို ဆက် ၍သာ ကျူးလွန်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် နေထိုင်သူများအပါအဝင် ပြည်သူအားလုံးအတွက် လုံခြုံမှု မရှိကြောင်း၊ ပြည်သူများ ကြုံတွေ့နေရသော ဒုက္ခဆင်းရဲများမှာ ယခုပင် ချုပ်ငြိမ်းသင့်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများထံမှ အပြု သဘောဆောင်သည့် အကူအညီများ လိုအပ်ကြောင်း၊ မြန်မာပြည်သူများ ၏ စိတ်ဆန္ဒနှင့် အကျိုးစီးပွားတို့ဖြင့် ကိုက်ညီမှုရှိသည့် ထိရောက်သော နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ထောက်ခံအားပေးမှု တို့ကို မြန်မာပြည်သူများ အနေဖြင့် လိုအပ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။