ရှေ့တန်း မကြာခဏထွက်နေရတာကြောင့် တပ်မ ၅၅ က အရာခံဗိုလ်တယောက် နဲ့ အခြားအဆင့် ၅ ယောက်တို့ ဖေဖော်ဝါရီ ၂၇ ရက်က ထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ ကလောမြို့အခြေစိုက် တပ်မ ၅၅ မှာ ဖေဖော်ဝါရီ ၂၄ ရက်က ရှေ့တန်းထွက်ဖို့ လက်အောက်ခံတပ်တွေကို စုစည်းထားတဲ့အထဲက အရာရှိ၊ စစ်သည် ၆ ယောက် ထွက်ပြေးသွားတာလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“တပ်မ ၅၅ က ရှေ့တန်းအတွက် လက်အောက်ခံတပ်တွေကို ၂၄ ရက်ကတည်းက စုထားတာ၊ ၂၇ ရက်မှာ ခလရ ၃၊ ခလရ ၇ နဲ့ ခမရ ၁၁၂ က အရာခံဗိုလ်တယောက် နဲ့ အခြားအဆင့် ၅ ယောက် ထွက်ပြေးတာ။”
အရာခံဗိုလ် မျိုးမြင့်၊ တပ်ကြပ်ကြီး နိုင်ဝင်း၊ တပ်သား မင်းလွင်၊ ဇော်ဇော်အောင်၊ တင်ထွန်းဦးနဲ့ အေးကျော်တို့ ထွက်ပြေးသွားကြတာဖြစ်ပြီး ကလောမြို့နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေက လိုက်လံရှာဖွေနေတယ်လို့ ရပခနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“တပ်မ ၅၅ က အရင်ကတည်းက လက်နက်ချ အဖမ်းခံတဲ့နေရာမှာ နာမည်ကြီး မွန်၊ ကရင်နဲ့ ရှမ်းတောင်က တိုက်ပွဲတွေမှာ တပ်မ ၄၄ နဲ့ တပ်မ ၅၅ ဦးဆောင်တာ မကြာခဏ ရှေ့တန်းထွက်နေရတော့ သူတို့လည်း ထွက်ပြေးမှာပေါ့။ ဒီသတင်းကို တပ်က အပြင်မထုတ်ဘူး၊ လိုက်ရှာနေတယ်။”
လက်ရှိ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကို တပ်မ ၅၅ က သူရဲ့ လက်အောက်ခံတပ်တွေအား ဇန်နဝါရီလကုန်ကစပြီး စစ်ကူတွေ ပို့ပေးနေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး လောက်ကိုင်တိုက်ပွဲမှာ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မျိုးဝင်း ဦးဆောင်ပြီး အရာရှိစစ်သည် ၄၀၀၀ ကျော် ကိုးကန့်တပ် MNDAA ဆီမှာ လက်နက်ချအညံ့ခံခဲ့ပါတယ်။
အရာရှိစစ်သည်
တပ်မ ၅၅