လက်ပံတန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံးပြီး ၁၀ ဦး အရှင်မိကာ လက်နက်မျိုးစုံ ၃၀ လက် သိမ်းဆည်းရရှိ(ရုပ်/သံ)

လက်ပံတန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံးပြီး ၁၀ ဦး အရှင်မိကာ လက်နက်မျိုးစုံ ၃၀ လက် သိမ်းဆည်းရရှိ(ရုပ်/သံ)
ရန်ကုန်၊ ဩဂုတ် ၂၄

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၀ ကျော် သေဆုံးပြီး ၁၀ ဦး အရှင်မိကာ လက်နက်မျိုးစုံ ၃၀ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရာ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမ၊ ရေငံကျေးရွာ အနီးတွင် အင်အား ၁၀၀ ကျော်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ G-3 (၁၉) လက်၊ G-4 (၁) လက်၊ 40 mm (၂) လက်၊ MA-1 (၃) လက်၊ MA-3 (၂) လက်၊ MA-12 (၁) လက်၊ MA-2 (MK-11) (၁) လက်၊ ပစ္စတို MA-5 (၁) လက်၊ G-3 ကျည် (၁၉၆၃) တောင့်၊ MA ကျည် (၁၇၈) တောင့်၊ 9mm ကျည် (၂၀၀) တောင့်၊ ကျည်ဘောက်မျိုးစုံ (၆၅) ခု၊ ငွေသား (၂၅) သိန်းကျော်၊ ဖုန်း (၈) လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အထိနာ၍ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေး နှင့် ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်များ ချမှတ်ထားပြီးဖြစ်ကာ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂/၃/၅/၆) နှင့် တပ်ရင်း (၃၈၀၃) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။