ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကို AA စတင်တိုက်ခိုက်၊ စစ်တွေအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေ
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅
တရုတ်စီမံကိန်းတွေ အများစုတည်ရှိရာ ကျောက်ဖြူက ဓည၀တီရေတပ်စခန်းကို အာရက္ခတပ်တော် AA က စတင်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဓည၀တီရေတပ်စခန်းကို AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး ကျောက်ဖြူမြို့မှာပါ ပြင်းထန်တဲ့ တိုက်ပွဲတချို့စတင်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီးက ဓညဝတီရေတပ်စခန်းကို ဖေဖော်ဝါရီလ၂၁ရက်နေ့ညပိုင်းမှာ AA က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
တဆက်တည်းမှာပဲ အာရက္ခတပ်တော် AA ဟာ စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ရွှေမင်းဂံ၊ ပါဒလိတ် ၊ အမြင့်ကျွန်းစခန်းတွေကို စတင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်တွေမြို့အနီးမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ရှိနေပြီး စစ်တွေမြို့နဲ့ ၁၀မိုင်အကွာက စစ်ကောင်စီတပ်စခန်းအချို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ဆိုပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးမှာ AA ဟာ ပြည်နယ်မြို့တော်စစ်တွေနဲ့ ကျောက်ဖြူ၊ မာန်အောင်ကျွန်းတို့ကိုသာ တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
၂၀၂၅ နှစ်စပိုင်းမှာ စစ်တွေအနီးကို AA က ရောက်ရှိထိုးစစ်ဆင်နေတာဟာ ၂လနီးပါးကြာမြင့်လာပြီဖြစ်ပြီး ကျောက်ဖြူမြို့ကိုတော့ အခုလ ဖေဖော်ဝါရီအတွင်းမှာ စတင်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။