ရန်ကုန်နှင့်ပဲခူးသို့ တပ်ရွှေ့မည့် PDFတပ်ရင်း၊တပ်ဖွဲ့များအား NUG ပြည်ထောင်စုဝန်ကြီးချုပ် တွေ့ဆုံ ▪️စစ်အာဏာရှင်များမရှိအောင် တော်လှန်နေသည့် ရည်ရွယ်ချက် မပျောက်စေရန်နှင့် သွေးခွဲမှုများနားမယောင်ရန် သတိပေး

by

in

ရန်ကုန်နှင့်ပဲခူးသို့ တပ်ရွှေ့မည့် PDFတပ်ရင်း၊တပ်ဖွဲ့များအား NUG ပြည်ထောင်စုဝန်ကြီးချုပ် တွေ့ဆုံ
▪️စစ်အာဏာရှင်များမရှိအောင် တော်လှန်နေသည့် ရည်ရွယ်ချက် မပျောက်စေရန်နှင့် သွေးခွဲမှုများနားမယောင်ရန် သတိပေး
ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်‌
ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ရန်ကုန်မြို့သို့ဦးတည်သည့် စစ်ရေးဖော်ဆောင်မှုများအတွက် တပ်ရွှေ့ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့များအား သွားရောက်တွေ့ဆုံခဲ့မှုမှတ်တမ်းရုပ်သံကို PDF တောင်ပိုင်းစစ်ဒေသက ယနေ့(ဖေဖော်ဝါရီ ၂၃ရက်)တွင် ထုတ်ပြန်သည်။
အဆိုပါရုပ်သံတွင် ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ရဲဘော်များအား လိုက်လံနှုတ်ဆက်ခြင်း
လက်နတ်ခဲယမ်းများအားကြည့်ရှုစစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။
ဝန်ကြီးချုပ်သွားရောက်တွေ့ဆုံခဲ့သည့် တပ်ဖွဲ့များတွင် ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ (၄)၊
လက်ရုံးအထူးစစ်ဆင်‌ရေးတပ်ဖွဲ့ (SOF)၊PDF တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂)တို့ ပါဝင်သည်။
” ဒီနေ့ မင်းတို့တပ်တွေ ရွှေတော့မယ်။
ရွှေ့တော့မယ်ဆိုတာ ငါတို့အစိုးရရဲ့ရည်ရွယ်ချက်ကတော့ အတွင်းထဲဝင်ပြီးတော့ရန်ကုန်၊ ပဲခူးဒီဒေသတွေပြန်လည် စိုးမိုးဖို့။ ဒါရည်ရွယ်ချက် ရှိတယ်။ဒီအတွက်လည်း ရွှေ့တာ။
ဒီနေ့ရွေ့တာဟာ တပ်ထွက်တာပဲ။ တိုက်ပွဲတွေစတော့မှာပေါ့ဟုတ်လား။ မင်းတို့လည်းသင်တန်းတွေလည်းပြည့်စုံကြပြီ။အတွေ့အကြုံတွေလည်းအများကြီးရှိသွားပြီ။မင်းတို့ကြန့်ကြာခံနိုင်မှုအတွက်လည်းအများကြီးဂုဏ်ပြုတယ်”ဟုဝန်ကြီးချုပ်က မှာကြားသည်။
တပ်ထွက်ခြင်းဆိုသည်မှာ ပန်းခင်းလမ်းကိုသွားခြင်းမဟုတ်ကြောင်း ကြမ်းတမ်းသည့်ဒဏ်ကိုခံနိုင်မည်ဟုယုံကြည်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၌ စစ်အာဏာရှင်အပါအဝင် အာဏာရှင်များမရှိအောင် တော်လှန်ရေးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြားသည်။
“ဒီရည်ရွယ်ချက်တွေနဲ့လည်းမင်းတို့ဝင်လာကြတာ။အဲဒီရည်ရွယ်ချက်တွေမပျောက်ပါစေနဲ့။” ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သတိပေးသည်။
အာဏာရှင်စနစ်ပျောက်မှ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဟုလည်းပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။
” အဲဒီအတွက်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုခိုင်ခိုင်မာမာထားပါ။ဘာဖြစ်လို့ဆိုရင်အခုချိန်မှာအောင်မြင်မှုတွေအများကြီးရနေပြီ။ အောင်မြင်မှုရတဲ့အခါမှာသွေးခွဲတာတွေကများလာတယ်။”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။
တတိယအုပ်စုဆိုသူများက PDF နှင့် အမျိုးသားညီညွတ်အစိုးရအကြား၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအကြား သွေးခွဲကြသည်ကိုနားမယောင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်က သတိပေးသည်။
“အာရုံတွေထွေပြားသွားမယ်ဆိုရင် ငါတို့တော်လှန်ရေးက နှောင့်နှေးသွားမယ်။ နှောင့်နှေးလို့ကတော့မရတော့ဘူးဘာလို့လဲဆိုရင် လေးနှစ်ရှိသွားပြီ။” ဝန်ကြီးချုပ်က ပြောသည်။
လေးနှစ်အတွင်း တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများ၏ကြံ့ကြံ့ခံနိုင်မှုကို ချီးကျူးသည်ဟုလည်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။
“ဒီတော်လှန်ရေးရာမင်းတို့ လူငယ်တွေနဲ့ပြည်သူတွေရဲ့တော်လှန်ရေးပဲ။ ငါတို့ကတော့ထိန်းကွပ်ပေးတဲ့ဦးဆောင်မှုပေးတဲ့ အခန်းကဏ္ဍပဲရှိတယ်။ ရှေ့ဆက်ပြီးတော့မင်းတို့ပဲတိုင်းပြည်တည်ဆောက်သွားကြရမှာ။ အဲဒီအတွက်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုခိုင်ခိုင်မာမာထားပါ။တော်လှန်ရေးကတော့ အောင်မြင်မှုကတော့နီးနေပါပြီ။”ဟုဝန်ကြီးချုပ်က ပြောသည်။
လက်ရှိ စစ်ကောင်စီပြုတ်ကျမတတ်ဖြစ် နေသည်မှာ တော်လှန်ရေးအင်အားစုများ၏ ညီညွတ်မှုကြောင့်ဖြစ်သည်ဟုလည်း ဝန်ကြီးချုပ်
မန်းဝင်းခိုင်သန်းက ပြောကြားသည်။
“ညီညွတ်မှုပြိုကွဲသွားရင်တော့ ငါတို့တော်လှန်ရေးက နှောင့်နှေးသွားလိမ့်မယ်”ဟု လည်း ပြည်ထောင်စုဝန်ကြီးချုပ်က သတိပေးသည်။