မန္တလေးမြို့၊ မဟာအောင်မြေရှိ ကမ္ဘောဇဘဏ်တွင် ဓားပြတိုက်မှု ဖြစ်ပွားပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော် ပါသွား (ရုပ်/သံ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်တွင် ဓားပြတိုက်မှုဖြစ်ပွား ပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော် ပါသွားကြောင်း ရဲသတင်းရင်းမြစ်က ပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် မဟာအောင်မြေမြို့နယ်၊ ၊မဟာနွယ်စဥ်ရပ်ကွက်၊ ၇၃ လမ်း ၄၁ လမ်းရှိ ကမ္ဘောဇဘဏ်ကို သေနတ်သမားတစ်ဦးက ဝင်ရောက်၍ ဓားပြတိုက်ကြောင်း၊ သေနတ်သမားက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး မျက်နှာမှာ မျက်နှာဖုံးတပ်ဆင်ထားကြောင်း၊ ယင်းနောက် ဘဏ်ဝန်ထမ်းကို သေနတ်ဖြင့် ချိန်၍ ငွေများ ထုတ်ခိုင်းပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော် ယူဆောင်သွားကြောင်း သိရှိရသည်။
ဘဏ်ဓားပြတိုက်ချိန်သည် မွန်းလွဲပိုင်းအချိန်ဖြစ်ပြီး ပတ်ဝန်းကျင်တွင်လည်း လူအသွားအလာမပြတ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာလည်း မလှမ်းမကမ်းတွင် ယာဉ်များကို ပိတ်ဆို့စစ်ဆေးနေချိန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်က ရရှိထားသော CCTV တွင် ဓားပြတိုက်သူက အေးဆေးစွာပင် ဓားပြတိုက်သွားခြင်းဖြစ်ပြီး ရုန်းရင်း ဆန်ခတ်ပင်ဖြစ်ပွားမှုမရှိသည်ကို မြင်တွေ့ရသည်။