ပုသိမ်ကြီးတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏သားဖြစ်သူ ဖွင့်လှစ်ထားသော Yankon KTV Bar ဖောက်ခွဲတိုက်ခိုက်ခံရ

by

in

ပုသိမ်ကြီးတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏သားဖြစ်သူ ဖွင့်လှစ်ထားသော Yankon KTV Bar ဖောက်ခွဲတိုက်ခိုက်ခံရ
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ အကြမ်းဖက် ဒုချုပ်စိုးဝင်းရဲ့သားဖြစ်သူနဲ့ အပေါင်းအပါတွေပိုင်ဆိုင်တဲ့ Yankon (KTV Bar) ကို ပါဆယ်ဗုံးနဲ့ သတိပေးဖောက်ခွဲခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဖေဖော်ဝါရီလ ၁၇ရက်နေ့၊ မနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်၊ မြို့သာကုန်းရပ်ကွက်မှာရှိတဲ့ Yankon (KTV Bar) ကို ပကဖတပ်ဖွဲ့ဝင်တွေက ပါဆယ်ဗုံးပို့ပြီး အဝေးကနေ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“မနက် ၁၀ နာရီခွဲလောက်မှာ ပါဆယ်ဗုံးကို ကြိုတင် Scout ချပြီးပို့လိုက်တယ်။ ​ပြီးမှဖောက်ခွဲတယ်ပေါ့။ ပေါက်ပေါက်ချင်း သူတို့က ချက်ချင်းရောက်လာတယ်။ လက်ဖက်ခြောက်(ဒုချုပ်စိုးဝင်း) နဲ့ဆက်နွယ်နေတော့ ချက်ချင်းပဲသတင်းဖုံးလိုက်တယ်။ အတိအကျ သိရသလောက်ဆို လုံခြုံရေး ၁ယောက် ထိတယ်။ ဒဏ်ရာပြင်းထန်တ​ယ်” လို့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
သူကပဲဆက်လက်ပြီး “အဲ့ဘားက မန္တလေးကနေ အရှေ့ဘက် ၁၉ လမ်းအတိုင်းလျှောက်လာရင် ရန်ကင်းတောင် မရောက်ခင်မှာရှိပါတယ်။ စဖွင့်တုန်းကတော့ ရန်ကင်း ဆိုပြီး မှည့်ထားတာပါ။ အဲ့ဒါ ပြဿနာ မကြာခဏတက်လို့ ယတြာ ချေတဲ့အနေနဲ့ အခုနောက်ပိုင်း ရန်ကွန်း လို့ ပြောင်းမှည့်ထားတာပါ။ကျနော်တို့လည်းအရင်က အဲ့ဘားကို စကစ ဘောမတွေ ပိုင်တယ်လို့ပဲ သိထားခဲ့တာပါ။ စိုးဝင်းသား ပိုင်တယ်လို့ သိတာ မကြာသေးဘူး ပြောရပါမယ်။ ဒီကာလမှာလည်း စကစ နဲ့ ပတ်သက်တာတွေပဲ လာကြတာများပါတယ်” လို့ ပြောပါတယ်။
ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ မြို့နယ်အတွင်းစစ်ရေးလှုပ်ရှားမှုတွေကို အလျဉ်းသင့်သလို လုပ်ဆောင်နေတာကြောင့် အရပ်သားတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်ရာနေရာတွေကို ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။
ပုံစာ – ပုသိမ်ကြီးပကဖ ဖောက်ခွဲတိုက်ခိုက်ခဲ့သော Yankon KTV Bar ညပိုင်းမြင်ကွင်း