တပ်မတော်နေ့အတွက် စစ်ရေးပြလေ့ကျင့်နေသူများ မျောက်ကျောက်ရောဂါဖြစ်နေဟုဆို

by

in

တပ်မတော်နေ့အတွက် စစ်ရေးပြလေ့ကျင့်နေသူများ မျောက်ကျောက်ရောဂါဖြစ်နေဟုဆို
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅
နေပြည်တော်မှာ တပ်မတော်နေ့အတွက် စစ်ရေးပြ ချီတက်ဖို့ လေ့ကျင့်နေတဲ့ စစ်သားတချို့ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံ သိရပါတယ်။
အဆိုပါ စစ်ရေးပြစစ်သားတွေကို အကျွေးအမွေးတာဝန်ယူထားရတဲ့ ထောက်ပို့တပ်သားမှာ မျောက်ကျောက်ရောဂါ လက္ခဏာကို ထင်ရှားစွာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရောဂါ ကူးစက်ခံရသူ အယောက် ၂၀ အထိ ရှိနေပြီလို့ သိရပါတယ်။
“မော်လမြိုင်ရှိ အမှတ် (၅၂၅) ထောက်ပို့တပ်မှ ကျွေးမွေးရေးတာဝန်ဖြင့် ရောက်ရှိနေသူများမှ စတင်ဖြစ်တာပါ၊ ပြင်ဆင်ကျွေးမွေးရေး တာဝန်ယူထားသူများဖြစ်သောကြောင့် ကူးစက်မှုများ ထပ်မံတိုးလာနိုင်ပါတယ်” လို့ တပ်တွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် မနေ့က ကျွေးမွေးရေးတာဝန်ယူထားသူ စစ်သား (၈)ယောက်ထံမှာ ရောဂါလက္ခဏာ ထင်ရှားစွာတွေ့ပြီး ဒီနေ့မှာတင် ကူးစက်ခံရသူဦးရေ ၂၀ အထိတိုးလာတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ရေးပြတပ်သားတွေကို ကျွေးမွေးရေးအတွက် တစ်နိုင်ငံလုံးက ထောက်ပို့တပ်အင်အား ၆၀၀ ခန့်ခေါ်ထားပြီး အဆောင် (၁၃)ဆောင်မှာ အင်အား ၅၀ ခန့်စီ နေရာချထားရာကနေ အဆောင် (၄) ဆောင်က စုစုပေါင်း အယောက် (၂၀)ကူးစက်ခံထားရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဆေးကုသတာကတော့ မနက်ဖြန်မှ ဆေးရုံပို့မယ်လို့ သိရတယ်၊ လောလောဆယ်တော့ လူခွဲထားတယ်” လို့ ဆိုပါတယ်။
မျောက်ကျောက်ရောဂါ -Mpox (monkeypox)ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာခံထားရတဲ့ ကူးစက်ရောဂါ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာ ကူးစက်နိုင်ချေ သိပ်မရှိသေးပေမယ့် အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပွားလာနေတာကြောင့် သတိထား စောင့်ကြည့်သွားမယ့်အကြောင်း ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လမှာ ထုတ်ပြန်ထားပါတယ်။
ပုံစာ – ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား။