ဟုမ္မလင်းတွင် စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီ SNA ၇၅၃ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၉ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဟုမ္မလင်းတွင် စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီ SNA ၇၅၃ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၉ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီ SNA ၇၅၃ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၉ ဦး လက် နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီ SNA ၇၅၃ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၉ ဦးသည် လက်နက်များ ယူဆောင်လာပြီး ဟုမ္မလင်းမြို့နယ် တိုက်နယ် ၃ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ နှင့်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသော တပ်ဖွဲ့ဝင် ၉ ဦးသည် G-3 သေနတ် ၃ လက်၊ AK ဒင်ခေါက် ၁ လက်၊ AK ၁ လက်၊ ကီးချန်း ၁ လက်၊ G-3 ကျည် ၁၉၅ တောင့်၊ 7.62 ကျည် ၆၀၇ တောင့် တို့ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့သို့ လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသူများကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အလင်းဝင် ရဲဘော်များ၏ မိသားစုဝင်များနှင့် တွေ့ဆုံစေခဲ့ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ပေးခဲ့ပြီး တော်လှန်အင်အားစုများက အလင်းဝင် ရဲဘော်များကို လာရောက်တွေ့ဆုံကာ စိတ်ဓာတ်ခွန်အားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ခန္တီးခရိုင်ပေါင်းစပ်ညှိနိူင်းရေးအဖွဲ့မှ ဦးဆောင်ပြီး အလင်းဝင်လာသော ရဲဘော်များကို ဂုဏ်ပြုငွေများ ချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း၊ ထို အခမ်းအနားကို ခန္တီးခရိုင်ကွပ်ကဲရေးအဖွဲ့၊ ခန္တီးခရိုင်အမှတ် ၁၊ ၂ ၊ ၃ တပ်ရင်းမှ ခေါင်းဆောင်များ၊ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံများ၊ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ၊ လူသားစာနာတာဝန်ခံ၊ ကျန်းမာရေးတာဝန်ခံ၊ဟုမ္မလင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ဘဏ္ဍာရေးတာဝန်ခံ၊ စည်ပင်တာဝန်ခံ၊ ဆက်သွယ်ရေးတာဝန်ခံ၊ သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့နှင့်အတူ ဒေသခံတိုင်းရင်းသားများတက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းနီ SNA ရဲဘော်များ အနေဖြင့် ပြည်သူများဘက်မှ ရပ်တည်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုပါက ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သို့ဆက်သွယ်နိုင်ပြီး ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှလည်း ရှမ်းနီ SNA ရဲဘော်များကို လှိုက်လှဲစွာဖြင့် ကြိုဆိုလျက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။