တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြား အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေအတွက် သဘောတူညီမှု ရရှိထားပြီဖြစ်
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅
ကြားကာလ အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်မယ့် သဘောထားတွေကို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား သဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကပြောပါတယ်။
ပြည်နယ်အားကောင်းရေးကို ရှေးရှုတဲ့ Bottom-up federalism approach နဲ. တော်လှန်ရေးကာလ ကြားကာလမှ စတင်ပြီးတော့ အတူတကွ နိုင်ငံကို တည်ဆောက်သွားနိုင်ဖို့ သဘောတူညီချက် ရရှိထားပြီလို့ ဦးကျော်ဇော်က ဆိုပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်တဲ“ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing)အစီအစဉ်မှာ ဦးကျော်ဇော်က ထည့်သွင်းပြောကြား လိုက်တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၉ ဖွဲ့က ပြည်နယ်အားကောင်းရေးကို ရှေးရှုတဲ့ Bottom-up federalism approach ကိုသာ ကြားကာလဖွဲ့စည်းအုပ်ချုပ်ပုံအတွက် ဆက်လက်ဆောင်ရွက်ရေးဆွဲသွားမယ်လို့ ထုတ်ပြန်ချက်အပေါ် NUG ကပြန်လည်ပြောဆိုလာခြင်း ဖြစ်ပါတယ်။
“ကျနော်တို့အကြားမှာ အသွင်ကူးပြောင်းရေးကာလ ဖွဲ.စည်းပုံအခြေခံဥပဒေရေး ဆွဲရေးဆိုင်ရာ အခြေခံသဘောထား အယူအဆများနှင့် အသွင်ကူးပြောင်းရေးကာလဖွဲ.စည်းပုံဥပဒေတွင် အခြေခံရမည့်သဘောထား (concept) များကို သဘောတူညီမှု ရရှိထားပြီးဖြစ်ပါတယ်” လို့ ဦးကျော်ဇော်က ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီကို တော်လှန်နေတဲ့ KNPP အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်နယ်၊ လူမျိုးကိုယ်စားပြုဖက်ဒရယ်ကောင်စီများ စုစုပေါင်းအဖွဲ့ ၉ဖွဲ့ ပူးပေါင်း၍ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ရက်က ပြည်နယ်အားကောင်းရေးကို ရှေးရှုတဲ့ Bottom-up federalism approach နဲ့သက်ဆိုင်တဲ့ ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
“ပြည်နယ် အားကောင်းရေး မှ ပြည်ထောင်စုအားကောင်းရေး”ချည်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကို လက်တွေ့တည်ဆောက် အကောင်အထည်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဗဟိုချုပ်ကိုင်မှုစနစ်ဟာ အစိုးရအဆက်ဆက်၏ ဆယ်စုနှစ် ခုနှစ်ခုကျော်တိုင် တည်ရှိနေတဲ့ နက်ရှိုင်းသော နိုင်ငံရေး ပြဿနာများကို မဖြေရှင်းနိုင်ရုံမက နောက်ဆက်တွဲ ပိုမိုရှုပ်ထွေးသည့် ထပ်ဆင့် ပြဿနာများကို ဖြစ်ပေါ်စေသည်မှာ ပကတိအရှိတရားပင် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ပူးတွဲကြေညာချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB စတဲ့ အဖွဲ့ ၉ဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
