စစ်တွေမြို့သိမ်း တိုက်ပွဲ ပိုမိုပြင်းထန်လာနေပြီး AA က မကွေး နှင့်ပဲခူးတိုင်း အတွင်းရှိ စစ်တပ်စခန်း ၄ ခုကို သိမ်းပိုက်ဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
အာရက္ခတပ်တော် AA က ရခိုင်ပြည်မြို့တော်၊ စစ်တွေမြို့ကို သိမ်းပိုက်ရန် တိုက်ခိုက်မှုများ လုပ်ဆောင်နေကာ တိုက်ပွဲများ ပိုမိုပြင်းထန်လာနေကြောင်း စစ်တွေမြို့ခံများက ပြောသည်။
AA နှင့် စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲမှာ ယမန်နေ့ ညနေ ၆ နာရီကျော်မှ စတင်ပြီး ည ၉ နာရီကျော်အချိန်အထိကြာမြင့်ကြောင်း၊ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၁ နာရီကျော်ကြာ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်တွေသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မနေ့ကညက တိုက်ပွဲက အရမ်းပြင်းပြင်းထန်ထန်ပဲ။ AA က အမြင့်ကျွန်းက စစ်ကောင်စီတပ်တွေကို လက်နက်ကြီးတွေနဲ့ အသားကုန်ပစ်တာ။ စစ်ကောင်စီတပ်ကလည်း ပြန်ပစ်တယ်။ ပေါက်ကွဲသံတွေဟာ စစ်တွေမြို့ကနေ ကြားရတယ်။ ည ၆ နာရီကျော်ကနေ ဖြစ်တာ ၉ နာရီကျော်လောက်မှ ရပ်တန့်သွားကြတယ်” ဟု ၎င်းက ရှင်းပြသည်။
စစ်ကောင်စီသည် လေကြောင်းကနေ တိုက်ပွဲဖြစ်ပွားရာ စစ်တွေ အမြင့်ကျွန်းအနီးတစ်ဝိုက်နှင့် ပေါက်တောမြို့နယ် သဲခုံကျေးရွာဒေသကို ဗုံးအလုံးရေ အများအပြားဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း နောက်ထပ် စစ်တွေဒေသခံတစ်ဦးက ပြောသည်။
“အမြင့်ကျွန်း၊ ပါဒလိတ် ဘက်တွေက နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်မြေပြင် ဧရိယာ ဖြစ်သွားပြီ။ AA ရဲ့ ထိုးစစ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အများဆုံးနဲ့ ပြန်ခုခံနေတယ်။ မနေ့ကလည်း စစ်တွေမြို့အနီးနဲ့ ပေါက်တော သဲခုံဘက်ကို ဗုံးကြဲခဲ့တာ စစ်တွေကနေ လှမ်းမြင်နေရတယ်။ မီးလောင်ပေါက်ကွဲသံတွေဟာ ဆူညံနေတာပဲ။ အထိအခိုက်တော့ မသိရဘူး” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ ညက စတင်ခဲ့သည့် အာရက္ခတပ်တော် AA ၏ စစ်တွေမြို့သိမ်းတိုက်ပွဲမှာ တစ်ရက်ထက်တစ်ရက် ထိုးစစ်ဆင်တိုက်ခိုက်မှု ပြင်းထန်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးပစ်ခတ်မှု၊ စနိုက်ပါပစ်ခတ်မှုများဖြင့် အမှည့်ချွေချွေနေကြောင်း သိရသည်။
AA ၏ လျှပ်တစ်ပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ ထိခိုက်သေဆုံးမှုရှိကြောင်းနှင့် စစ်တပ်ထဲရှိ ကုတင် ၁၀၀ ဆေးရုံတွင် ဒဏ်ရာရရှိသူများဖြင့် ဆေးကုသနေကြကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် စစ်တွေဒေသခံတစ်ဦးက ပြောသည်။
“စစ်တပ်ထဲက ကုတင် ၁၀၀ ဆေးရုံမှာ ဒဏ်ရာရရှိသူ အပြည့်လို့ ပြောတယ်။ သေဆုံးသူတွေလည်း ရှိတယ်။ AA ရဲ့ တိုက်ခိုက်မှုကြောင့်ပေါ့။ အဓိက အမြင့်ကျွန်းနဲ့ ပါဒလိတ်ဖက်တွေက အထိအခိုက်များတယ်။ တိုက်ပွဲကတော့ ဒီထက် ပိုပြင်းထန်လာမယ်ထင်တာပဲ။ ဒေသခံတွေအနေနဲ့ တော်တော်လေးကို သတိထားရပါမယ်။ ရှောင်တိမ်းဖို့ ကြိုတင်ပြင်ဆင်မှု လုပ်ထားရမယ်။ လက်နက်ကြီးအန္တရာယ်၊ လေကြောင်းအန္တရာယ်တွေကို အထူးဂရုစိုက်ရပါမယ်” ဟု ပြောသည်။
ရက္ခိုင့်တပ်တော် AA က စစ်တွေမြို့အား ကုန်းလမ်းမှ အလွယ်တကူ ဝင်မလာနိုင်ရေးအတွက် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ အမြင့်ကျွန်းကျေးရွာအနီးက မင်းချောင်းတံတားကို စစ်ကောင်စီ ပါဒလိပ် အမြောက်တပ်ရင်းမှ ၂၀၂၄ ဖေဖော်ဝါရီလက မိုင်းခွဲဖျက်ဆီးခဲ့ကြသည်။
စစ်ကောင်စီသည် စစ်တွေမြို့အား မကျရှုံးစေရေးအတွက် စစ်တွေမြို့ ပတ်ပတ်လည်တွင် သဲထုပ်များဖြင့် ဘန်ကာများ ပြုလုပ်လျှက်ရှိထားသည့်အပြင် စစ်တွေမြို့ပတ်ပတ်လည်တွင်လည်း မိုင်းထောင်ထားခြင်းနှင့် ရှုခင်းသာလမ်းတစ်လျှောက်ကို သံဆူးကြိုးများဖြင့် ကာရံထားကြောင်း သိရသည်။
အာရက္ခတပ်တော် AA သည် မကွေး၊ ပဲခူး၊ ဧရာဝတိုင်းတို့နှင့် ထိစပ်နေသော ဒေသများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းကာ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေသည့်အပြင် စစ်တွေမြို့သိမ်းတိုက်ပွဲကိုလည်း တစ်ပြိုင်တည်း ဦးတည်တိုက်ခိုက်နေခြင်းဖြစ်သည်။
ထို့ပြင် ရခိုင်ရိုးမနှင့် ထိစပ်နေသော မကွေးတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်း အပါအဝင် တပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း သိမ်းပိုက်လိုက်ကြောင်း သိရသည်။
မကွေးတိုင်း ငဖဲမြို့နယ်ထဲက စစ်ကောင်စီ၏ မထုံးစခန်း၊ အထက်တုံးကြီးနှင့် အောက်တုံးကြီး စခန်းတို့ကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်တွင် သိမ်းပိုက်ခဲ့ကြောင်း အမ်းဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မကွေးတိုင်း ပဒါန်း-အမ်း လမ်းမှာရှိတဲ့ မထုံး၊ အထက်တုံးကြီး၊ အောက်တုံးကြီး စတဲ့ တပ်စခန်း ၃ ခုကို AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၆ ရက်မှာ တစ်ပြိုင်တည်း တိုက်ခိုက်ပြီးတော့ သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီစခန်းတွေဟာ စစ်ကောင်စီရဲ့ ကာကင်းစခန်းကြီးတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ကာကင်းစခန်းကြီးမှာ နတ်ရေကန်ဗျူဟာခစန်းနဲ့လည်း နီးပြီး တိုက်ပွဲအတွင်း ဆုတ်ခွာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ နေရေကန်ဘက်သို့ တပ်ဆုတ်ခွာကြောင်း သိရသည်။
ယင်းအပြင် အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့သည် ပဲခူးတိုင်း ဥသျှစ်ပင်-တောင်ကုတ် လမ်းပေါ်က ပန်းကန်ကွဲတပ်စခန်းကိုလည်း ယခုရက်ပိုင်းအတွင်း သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီဖက်က အထိနာနေကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
ပန်းကန်ကွဲတပ်စခန်း တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီသည် ဥသျှစ်ပင်မြို့အနီးရှိ အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံကနေ လက်နက်ခဲယမ်းများနှင့်အတူ အင်အားအများအပြား စေလွှတ်နေပြီး လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်နေကြောင်း သိရသည်။
AA ပူးပေါင်းတပ်ဖွဲ့သည် ဧရာဝတီတိုင်းထဲက မကျီးဇင်ဒေသကို သိမ်းပိုက်ထားသလို ငသိုင်းချောင်းမြို့အနီးက အမှတ် ၃၄၄ အမြောက်တပ်ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
မကွေးတိုင်း ပဒါန်း-အမ်းလမ်းက ကံမြင့်ကန်တပ်စခန်းသိမ်းတိုက်ပွဲအတွင် စစ်ကောင်စီ၏ အမှတ် ၉၉ ခြေမြန်တပ်မဌာနလက်အောက်ခံ နည်းဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA က အရှင်လက်ရ ဖမ်းဆီးထားသည်။
အာရက္ခတပ်တော် AA သည် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းကာ မိုးထိတောင်တပ်စခန်းအပါအဝင် ရခိုင်ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် ရခိုင်ရိုးမနှင့် ထိစပ်နေသော မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းထဲက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)