ရှေ့တန်းရောက် စစ်မှုထမ်း တပ်သားသစ်များ တိုက်ပွဲအတွင်း သေဆုံးပါက အထက်အရာရှိများ၏ ခွင့်ပြုချက်မရဘဲ ကျန်ရစ်သူမိသားစုများထံသို့ အသိပေး အကြောင်း ကြားခြင်းများ မပြုလုပ်ရန် အမိန့်ထုတ် 🟥 စစ်မှုထမ်းတပ်သားသစ်များ၏ မိုဘိုင်းလ်ဖုန်းများအားလုံးကို စစ်တပ်က သိမ်းယူပြီး အသုံးပြုခွင့် ပိတ်ပင်

by

in

ရှေ့တန်းရောက် စစ်မှုထမ်း တပ်သားသစ်များ တိုက်ပွဲအတွင်း သေဆုံးပါက အထက်အရာရှိများ၏ ခွင့်ပြုချက်မရဘဲ ကျန်ရစ်သူမိသားစုများထံသို့ အသိပေး အကြောင်း ကြားခြင်းများ မပြုလုပ်ရန် အမိန့်ထုတ်
🟥 စစ်မှုထမ်းတပ်သားသစ်များ၏ မိုဘိုင်းလ်ဖုန်းများအားလုံးကို စစ်တပ်က သိမ်းယူပြီး အသုံးပြုခွင့် ပိတ်ပင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းစစ်မြေပြင်များသို့ စစ်မှုထမ်း စစ်သင်တန်းဆင်း တပ်သားသစ်များကို အလုံးအရင်းဖြင့် စေလွှတ်လျက်ရှိပြီး အဆိုပါ စစ်မှုထမ်း တပ်သားသစ်များ တိုက်ပွဲအတွင်း သေဆုံးပါက စစ်တပ်မှ အထက်အရာရှိများ၏ ခွင့်ပြုချက်မရရှိဘဲ သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုထံသို့ အကြောင်းကြားခြင်းမပြုလုပ်ရန် အမိန့် ထုတ်ထားကြောင်း သိရှိရသည်။
စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို ကချင်၊ ကရင်၊ ချင်း၊ ပဲခူး၊ ကရင်နီ၊ ရခိုင်၊ ရှမ်းပြည်မြောက်ပိုင်း၊ မကွေး၊ တနင်္သာရီ၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းအတွင်း စစ်မြေပြင် တိုက်ပွဲများထံသို့ စေလွှတ်လျက်ရှိရာတွင် စစ်မှုထမ်း တပ်သားသစ်များ သေဆုံးမှုများလည်း များပြားလျက်ရှိကြောင်း၊ ထိုသို့စစ်မှုထမ်း တပ်သားသစ်များ သေဆုံးမှုများကို စစ်ကောင်စီက ကျန်ရစ်သူ မိသားစုများထံသို့ အကြောင်းကြားခြင်းမပြုသဖြင့် တပ်အတွင်းမှ မိတ်ဆွေ သူငယ်ချင်းများက ဖုန်းဆက်၍ အသိပေးမှုများ လုပ်ဆောင်ကြရကြောင်း၊ ယခုအခါတွင်မူ စစ်တပ်က တပ်သားသစ်သေဆုံးမှုများကို အထက်အရာရှိများ၏ ခွင့်ပြုချက်မရှိဘဲ အကြောင်းကြားခြင်းမပြုရန် ပိတ်ပင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
” စစ်မှုထမ်း တပ်သားတွေ ရှေ့တန်းမှာ သေဆုံးရင် တပ်သားအချင်းချင်း ကိုယ့်သဘောနဲ့ ကိုယ် သူ့မိဘ၊ ဆွေမျိုးတွေဆီ အ ကြောင်း ကြားတာမျိုး မလုပ်ရဘူး ဆိုတဲ့ တပ်တွင်း အမိန့်ထွက်လာပါတယ်။ တပ်က သူ့ဟာသူ အဆင့်ဆင့်တင်ပြပြီး တပ်ကနေပဲ တရား ဝင် အသိပေးမယ်ပေါ့။ ကျန်တဲ့သူတွေက အကြောင်းကြားစရာမလိုဘူး။ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာစိုးတာရယ်နဲ့ ရှေ့တန်း တပ်သားသစ် သေဆုံးမှုများနေတာကိုလည်း အသိမပေးချင်တဲ့သဘောလားတော့မသိဘူး” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်သို့ ထိုးစစ်ဆင်နေသော အောင်ဇေယျစစ်ကြောင်းမှ အသက် ၂၀ ကျော်အရွယ် စစ်မှုထမ်းတပ်သားသစ်တစ်ဦး တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး ၎င်း၏ အဖေဖြစ်သူ ဦးမြင့်ဦး ၊ မကွေးတိုင်း၊ တောင် တွင်းကြီးမြို့နယ်၊ ရွာလေးကုန်းကျေးရွာ၊ တရုတ်ကောကျေးရွာအုပ်စုထံသို့ စစ်တပ်က တရားဝင် အသိပေး အကြောင်းကြားခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်း တပ်သားသစ်များကို စစ်သင်တန်းဆင်းပြီးချိန်မှစတင်၍ ရှေ့တန်းသို့ ပို့ဆောင်ချိန်တွင် မိုဘိုင်းလ်ဖုန်း အသုံးပြုမှုများ တားမြစ်ပိတ်ပင်ထားကြောင်း၊ ရှေ့တန်းထွက်သော စစ်မှုထမ်း တပ်သားသစ်များ၏ မိုဘိုင်းလ်ဖုန်းများအားလုံးကို ရှေ့တန်းသို့ မသွားရောက်မီ စစ်တပ်က အားလုံး သိမ်းဆည်းလေ့ရှိကြောင်း၊ ထို့ကြောင့် ရှေ့တန်းထွက် စစ်မှုထမ်းတပ်သားသစ်များအားလုံး မိဘဆွေမျိုးများနှင့် လုံး၀ အဆက်အသွယ်ပြတ်တောက်မှုများရှိနေကြောင်း သိရှိရသည်။
“သင်တန်းဆင်းပြီးတော့ အိမ်ကို ဖုန်းဆက်ပါတယ်။ သူတို့ကို ရှေ့တန်းပို့မယ်။ ဖုန်းတွေ သိမ်းမယ်လို့ပြောတယ်။ ရှေ့တန်းရောက်ရင်လည်း ရတဲ့ဖုန်းကနေ ဆက်သွယ်မယ်တော့ပြောတယ်။ ဘယ်ရှေ့တန်းကို ပို့လဲဆိုတာလည်း မသိရဘူး။ အခု အဆက်အသွယ်ပြတ်နေတာ ၁၇ ရက်ရှိပါပြီ” ဟု ဇန်နဝါရီလ ၃၁ ရက်နေ့ သင်တန်းဆင်းသွားသော စစ်မှုထမ်းသင်တန်းအပတ်စဉ် ၇ မှ စစ်မှု ထမ်းတပ်သားတစ်ဦး၏ မိခင်ဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းစစ်ကောင်စီက ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁ ဖွင့်လှစ်ပြီး လစဉ် လူငယ်များကို စစ်မှုထမ်းတပ်သားများအဖြစ် အတင်းအကျပ်စုဆောင်းလျက်ရှိကာ ယခုအခါ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁၀ အထိ ရောက်ရှိနေပြီဖြစ်သည်။