ငါးသိုင်းချောင်း အမြောက်တပ်အနီးကို AA ထိုးစစ်ဆင်တိုက်ခိုက်နေ
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ မြောက်စမ်းရွာရှိ အမှတ် (၃၄၄) အမြောက်တပ်နှင့် ၅ မိုင်ခန့်ကွာဝေးသည့် စာဥစမ်းကျေးရွာတွင် စစ်ကောင် စီနှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၀ နာရီခွဲအချိန်မှစ၍ တိုက်ပွဲပြင်းထန်းစွာဖြစ်ပွားနေပြီး ယနေ့ ၁၄ ရက်နေ့ နံနက်အထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
“မနေ့က မနက်ကတည်းက လက်နက်ကြီး၊ လက်နက် ငယ်သံတွေ ဆူညံနေတာ။ စစ်တပ်က ကျုံပျော်ဘက်ကနေစစ်ကူတွေ တောက်လျှောက်ပို့နေတာရှိတယ်”ဟု ငါးသိုင်းချောင်းနေ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ မှ စစ်ကောင်စီတပ် ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ စစ်မှုထမ်းသင် တန်းဆင်း တပ်သားသစ်များအပါအဝင် စက်တပ်လေထီးများနှင့်ပါ ပစ်ခတ်နေကြကြောင်း သိရသည်။
AA တပ်များသည် အမတ ၃၄၄ အမြောက်တပ်သို့ ဦး တည်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ရေနံ့သာဂိတ်ဘက်မှနေ၍ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး AA ၏ထိုးစစ်မှာ ဂွ-ငါးသိုင်းချောင်းဘက်တွင်သာမက သာပေါင်းဘက်တွင်ပါ ရှိနေပြီး ဧရာဝတီတိုင်းအတွင်း တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။
AA သည် ငါးသိုင်းချောင်းမြို့နှင့် လေးမိုင်သာကွာတော့သည့် အမြောက်တပ် ၃၄၄ ကိုပါ ယနေ့ ညနေပိုင်းတွင် တိုက် ခိုက်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
