မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်
~~~
■ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က အရာရှိ ကြီး၊ ငယ် ၂၃ ဦးနဲ့ အဲဒီအချိန်က အစိုးရအဖွဲ့ကိုယ်စား တာဝန်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) RFA ကို ဒီနေ့ ပြောပါတယ်။
ဒီအမှုမှာ အဓိကပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်ကို ဦးတည်စွဲဆိုခဲ့တာဖြစ်တယ်လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က RFA ကို ပြောပါတယ်။
“အခုဖမ်းဝရမ်းက စစ်တပ်က ၂၃ ယောက် အပါအဝင် နောက်ဆုံးမှာတော့ သူတို့က ဒေါ်စုနဲ့ ဦးထင်ကျော်ကို ထည့်ထားတာတွေ့ရတယ်။ ၂၅ ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ BROUK ဖမ်းဝရမ်းအတွက် လျှောက်ထားတဲ့အထဲမှာ စစ်တပ်ကို ဦးတည်ထားပြီးတော့ ဖမ်းဝရမ်းကို တောင်းဆိုခဲ့တာဖြစ်ပါတယ်”
ဒီအမိန့်ကို အာဂျင်တီးနားမြို့တော် ဗျူနိုအေးရိစ် (Buenos Aires) တရားရုံးက ချမှတ်ခဲ့တာပါ။ တရားရုံးအနေနဲ့ ဒီဖမ်းဝရမ်းအကြောင်းကြားစာကို ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပ၊ OIC နိုင်ငံတွေကို ဆက်လက်ပေးပို့သွားမှာဖြစ်ပြီး ဖမ်းဆီးရေးကိစ္စကို နိုင်ငံတကာရဲတပ်ဖွဲ့က အကောင်အထည်ဖော်သွားလိမ့်မယ်လို့လည်း ဆိုပါတယ်။ အခုလို ဖမ်းဝရမ်းထုတ်တာဟာ ရိုဟင်ဂျာတွေအတွက်သာမက မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးအတွက် တရားမျှတမှုတစ်ခု ရရှိခဲ့တာလို့လည်း ဦးထွန်းခင်က ပြောပါတယ်။
အခုလို ဖမ်းဝရမ်းထုတ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ လက်ရှိ နိုင်ငံခေါင်းဆောင်တစ်ယောက်ကို စော်ကားလိုက်တဲ့သဘောမျိုး ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။
“တကယ် လက်တွေ့ အကောင်အထည်ပေါ်လာမလား၊ မလာဘူးလားဆိုတာကတော့ မေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်။ သူတို့ ဘယ်လောက်ထိ လုပ်နိုင်မလဲပေါ့လေနော်။ တစ်ခုပါပဲ ကိုယ့်နိုင်ငံခေါင်းဆောင်တစ်ယောက်နေနဲ့ စော်ကားခံရမှုမျိုး ဖြစ်သွားတာပေါ့လေ။ ဒါကို နိုင်ငံအနေနဲ့ ဘယ်လို ဆုံးဖြတ်မလဲပေါ့။ ဆိုလိုတာကတော့ ဂရုမစိုက်ဘဲ ဒီအတိုင်းနေလို့ရတယ်ဆိုရင်လည်း ရမဲ့အနေအထားပေါ့။ ဒါပေမဲ့ သူ့အနေနဲ့ ဘယ်လိုမျိုး ထုတ်ပြန်ချက်လာမလဲ ဒါတော့ တစ်ချက် စောင့်ကြည့်ရမှာပေါ့နော်”
ဒီအမှုကို ၂၀၁၉ ခုနှစ်မှာ BROUK အဖွဲ့က တရားလိုလုပ်ပြီး ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
အခုလိုတိုင်ကြားရာမှာ ပြစ်မှုကျူးလွန်သူတွေအဖြစ် စုစုပေါင်း ၂၃ ဦး ပါဝင်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့လို တာဝန်ရှိတဲ့သူ ထိပ်တန်း စစ်ခေါင်းဆောင်တွေအပြင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာရွာတစ်ရွာကို တိုက်ခိုက်ခဲ့ရာမှာ အဓမ္မပြုကျင့်တာ၊ သတ်ဖြတ်တာတွေကို တိုက်ရိုက်ကျူးလွန်ခဲ့ကြတဲ့ အဆင့်နိမ့်အရာရှိတွေလည်း ပါဝင်ပါတယ်။
အလားတူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာလည်း ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာမှာ အဓိကတာဝန်ရှိတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ခုနစ်ဦးကို နိုင်ငံတကာက ဖမ်းဝရမ်းထုတ်ပေးဖို့ BROUK က အာဂျင်တီးနားတရားရုံးကို လျှောက်ထားခဲ့တာပါ။
ဒီအမှုကို အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့တော်က ဖက်ဒရယ်တရားရုံးမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ကြားနာခဲ့ပြီး ရိုဟင်ဂျာ မျက်မြင်သက်သေ ခုနစ်ဦးက ထွက်ဆိုခဲ့ပါတယ်။
အဲဒီနောက် ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအပေါ် အရေးယူဖို့ အာဂျင်တီးနား အစိုးရရှေ့နေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က တရားရုံးထံ တင်သွင်းလာတဲ့ လျှောက်လွှာထဲမှာတော့ အဲဒီအချိန်က အစိုးရအဖြစ် တာဝန်ယူခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ရဲ့ အမည်တွေလည်း ပါဝင်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ပါဝင်နေတာက အဓိပ္ပာယ်မရှိဘူးလို့ RFA ကို ပြောပါတယ်။
“အဓိပ္ပာယ်မရှိပါဘူး။ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်ထားတယ်ဆိုတဲ့ကိစ္စက ဘာမှ အဓိပ္ပာယ်မရှိတဲ့ကိစ္စဗျ။ ဒါ ခုတ်ရာတခြား ထစ်ရာတခြားပေါ့နော်။ နဂိုကတည်းက သူတို့မှာ သူတို့ရဲ့ အစွဲအလန်းတွေနဲ့ ဖြစ်နေတဲ့ဥစ္စာဗျ။ မြန်မာနိုင်ငံရဲ့ အခြေအနေအမှန်၊ မြန်မာနိုင်ငံမှာရှိနေတဲ့ အခြေအနေ အရပ်ရပ်ကို သူတို့ မခြုံငုံမိပါဘူးဗျနော်။ အဲလိုပဲ ပြောချင်ပါတယ်”
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်တဲ့ ရိုဟင်ဂျာ လူငယ်များအစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ဦးခင်မောင်ကတော့ အာဂျင်တီးနား တရားရုံးက အခုလို ဖမ်းဝရမ်းထုတ်ပြန်လိုက်တာကို ဝမ်းသာကြိုဆိုတယ်လို့ ပြောပါတယ်။
“ပထမအနေနဲ့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့လူမျိုးတွေကို မတရား သတ်ဖြတ်တာ၊ လူမျိုးတုံးသတ်ဖြတ်မှုလုပ်တာ အဲဒီလူတွေကို ဘယ်တော့မှ လွတ်နိုင်မှာမဟုတ်ဘူး။ တစ်စတစ်စ ပေါ်လာမှာ။ အခု အာဂျင်တီးနားကိစ္စ ပေါ်လာတယ်။ နောက်ထပ်မှ ICC ကိစ္စပေါ်လာမယ်။ နောက်ထပ် ICJ ကိစ္စ ပေါ်လာမယ်။ တစ်စတစ်စ ပေါ်လာမှာ။ ကျွန်တော်တို့ ရိုဟင်ဂျာတွေ၊ တခြားတိုင်းရင်းသားတွေ ရက်ရက်စက်စက် သတ်တဲ့သူတွေအတွက် နေရာမရှိလေ။ ကမ္ဘာပေါ်မှာ နေရာကျဉ်းတဲ့ပုံစံ ဖြစ်သွားပြီ”
ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူးကလည်း အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်တာက ဖမ်းဆီးနိုင်တဲ့အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“အာဂျင်တီးနားတရားရုံးဟာ နိုင်ငံတစ်နိုင်ငံရဲ့ တရားရုံးအသေးလေးမို့လို့ အထင်သေးလို့မရပါဘူး။ ဘယ်အပေါ်မှာမူတည်လဲဆိုတော့ အထူးသဖြင့် အာဆီယံနိုင်ငံတွေထဲမှာ ဘယ်နိုင်ငံက Universal Jurisdiction လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီရင်ခွင့်အာဏာကို ကျင့်သုံးလဲ။ ဥရောပနိုင်ငံတွေမှာတော့ တော်တော်များကျင့်သုံးတယ်။ အာဆီယံမှာတော့ ရှားရှားပါးပါးပဲ။ အဲဒီတော့ အင်ဒိုနီးရှားက ကျင့်သုံးမလား၊ မလေးရှားက ကျင့်သုံးမလား။ ကျင့်သုံးတဲ့နိုင်ငံတွေကို ခရီးထွက်သွားပြီဆိုရင်တော့ မင်းအောင်လှိုင်နဲ့ သက်ဆိုင်ရာ အပေါင်းအပါတွေကို ဖမ်းလို့ရနိုင်တဲ့အခြေအနေ ဖြစ်ပေါ်လာနိုင်တယ်လို့ပဲ ယေဘုယျ ရှင်းပြပါရစေ”
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ရဲ့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့ အစီရင်ခံစာအရ ဘယ်နိုင်ငံတရားရုံးကမဆို တရားစွဲဆိုပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ (Universal Jurisdiction) ကို စုစုပေါင်း ၁၄၇ နိုင်ငံက ခွင့်ပြုလက်ခံထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက်ခန် (Karim AA Khan) ကလည်း ICC တရားရုံးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က လျှောက်ထားခဲ့ပါတယ်။
—————
#စစ်ခေါင်းဆောင် #အာဂျင်တီးနား #ဖမ်းဝရမ်းထုတ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်
မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအရ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိပ်တန်းစစ်အရာရှိတချို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း UK အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် အာဂျင်တီးနားနိုင်ငံ ရာဇသတ်ကြီးဥပဒေအရ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့ စစ်ခေါင်းဆောင် ၂၂ ယောက်အပြင် ၂၀၁၇ ခုနှစ်က သမ္မတတာဝန်ယူထားတဲ့ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဝရမ်း ထုတ်တယ်လို့ BROUK ကပြောပါတယ်။
BROUK အဖွဲ့ထုတ်ပြန်ချက်မှာတော့ စစ်တပ်တာဝန်ရှိသူတွေကိုသာ ဖမ်းဝရမ်းထုတ်ဖို့ အဖွဲ့က ၂၀၂၃ မှာ တရားရုံးမှာတောင်းဆိုခဲ့တာြဖစ်သလို ဦးထင်ကျော်၊ ဒေါ်ဆောင်ဆန်းစုကြည်တို့နဲ့ပတ်သက်တဲ့ အထောက်အထားတွေကို တရားရုံးကိုမပေးခဲ့ဘူးလို့ဆိုထားပါတယ်။ အာဂျင်တီးနားတရားလိုရှေ့နေ တွေက သီးခြားဆုံးဖြတ်ပြီး ဖမ်းဝရမ်းထုတ်ဖို့ တရားရုံးကို တောင်းဆိုတယ်လို့ပြောပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းမထုတ်ဖို့ BROUK ရဲ့တောင်းဆိုချက်ကိုလည်း တရားရုံးက ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တယ်ဆိုပြီး လက်တင်အမေရိက လူ့အခွင့်ရေး အဖွဲ့တွေက အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့ကတရားရုံးတခုမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာမှာ အမှုဖွင့်ခဲ့တာပါ။ ဒီအမှုမှာ သက်သေအထောက်အထားတွေ ခိုင်ခိုင်လုံလုံ ရထားပြီဖြစ်တဲ့အတွက် ဖမ်းဝရမ်းထုတ်လိမ့်မယ်လို့ ခန့်မှန်းကြောင်း အာဂျင်တီးနား လူ့အခွင့်အရေးရှေ့နေ Tomas Quintina ကလည်း ပြီးခဲ့တဲ့နှစ် မေလကတည်းက VOA ကို ပြောကြားခဲ့ပါတယ်။
အခုလို စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လိုက်တာဟာ ရိုဟင်ဂျာတွေအပါအဝင် စစ်တပ် လက်အောက်ခံစားနေရသူတွေအတွက် တရားမျှတမှုရဖို့ သမိုင်းဝင်ခြေလှမ်းတခု ဖြစ်တဲ့အကြောင်း UK အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောဆိုပါတယ်။
ရိုဟင်ဂျာတွေကို နေရပ်ရင်းကနေ အတင်းအကျပ်မောင်းထုတ်မှု၊ ညှဥ်းပန်းနှိပ်စက်မှုတွေကို ကျူးလွန်ကြောင်းစွပ်စွဲချက်နဲ့ မြန်မာစစ်ခေါင်းဆောင် ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ရှေ့နေချုပ် Karim Khan ကလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်မှာ ICC ကို လျှောက်လဲချက် တင်သွင်းခဲ့ပါတယ်။