မြန်မာနှင့် ကမ္ဘောဒီးယား နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လည်သည့်လုပ်ငန်းများ နှိမ်နင်းတိုက်ဖျက်ရေး အရှိန်မြှင့်တင်ရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
မြန်မာနှင့် ကမ္ဘောဒီးယား နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လည်သည့်လုပ်ငန်းများ နှိမ်နင်းတိုက်ဖျက်ရေး အရှိန်မြှင့်တင်ရန် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ညွှန်ကြားလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
ယနေ့ ပြုလုပ်သော လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ်က အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများကို နှိမ်နင်းမှု အရှိန်မြှင့်တင်ရန် ၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ မြန်မာဘက်အခြမ်းသို့ ကျားဖြန်များ နှိမ်နင်းရေး လျှပ်စစ်မီး၊အင်တာနက်နှင့် လောင်စာဆီများ ဖြတ်တောက်ထားမှုနှင့်ပတ်သက်၍ ရလဒ်အခြေအနေများကို ရက်ပေါင်း ၃၀ အတွင်း အစီရင်ခံစာတင်ပြရန် ညွှန်ကြားကြောင်း သိရှိရသည်။
ယနေ့ ထိုင်းအစိုးရအစည်းအဝေးသို့ ဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ စစ်တပ်၊ ရဲများ အပါအဝင် လုံခြုံရေးအေဂျင်စီများမှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း၊ အစည်းအဝေးတွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် အတူတကွ ဖြေရှင်းရန် ၊ ကျားဖြန့်ဂိုဏ်များ နှိမ်နင်းရေးသည် ထိုင်းအစိုးရ၏ အရေးတကြီး အဓိက ဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း၊ နှိမ်နင်းရေး လုပ်ငန်းစီမံချက်ကို ထိထိရောက်ရောက် ချဲ့ထွင်ရန် ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းကြောင်း သိရှိရသည်။
ထိုင်းဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးကလည်း အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းမှုများမှာ ကနဦး တိုးတက်မှုများရှိနေကြောင်း၊ ရာဇဝတ်ဂိုဏ်းများ နေရာပြောင်းရွှေ့မှုများရှိနိုင်ပြီး အဆိုပါ လုပ်ငန်းများမှ ပြန်လည် လွတ်မြောက်လာသူများကို စိစစ်ပြီး ရာဇဝတ်ဂိုဏ်းများနှင့်မပတ်သက်လျှင် သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်ရန်နှင့် သံရုံးများနှင့် ချိတ်ဆက် ဆောင်ရွက်ရန်များ ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။