စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း

by

in

စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅

စစ်ကောင်စီကို လောင်စာဆီတွေ ထုတ်လုပ်ထောက်ပံ့ပေးခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ Interra Resources ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။
Interra Resources ကုမ္ပဏီနဲ့ စစ်ကောင်စီရဲ့ ဆက်နွယ်မှုတွေကို သိရှိခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်း စတင်ကာ စတော့အိတ်ချိန်းကနေ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ Interra Resources က ကြံရာပါ ပတ်သက်နေမှုဟုဆိုကာ Justice For Myanmar ကလည်း အပိုင်း (၅)ပိုင်းပါဝင်တဲ့ အစီရင်ခံစာတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Justice For Myanmar အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့ရဲ့ ဖော်ထုတ်မှုတွေကြောင့် စင်ကာပူကုမ္ပဏီကို စတော့အိတ်ချိန်းကနေ အခုလို ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။
စင်ကာပူ စတော့အိတ်ချိန်း SGX ရဲ့ စုံစမ်းမေးမြန်းမှုတွေကို လတ်တလော ပြန်ဖြေဖို့လုပ်ဆောင်နေပြီး စုံစမ်းမေးမြန်းထားမှုတွေ ရှင်းလင်းပြီးချိန်မှာ လုပ်ငန်းရပ်ဆိုင်းမှုကို ရုတ်သိမ်းဖို့ ပြန်လည်တောင်းဆိုမယ်လို့ Interra Resources ကလည်း ပြန်လည် ထုတ်ပြန်ပါတယ်။
စင်ကာပူကုမ္ပဏီ Interra Resources က မြန်မာစစ်အုပ်စုထံ ဒေါ်လာ သန်း ၁၅၀ ဖိုး ရေနံတွေရောင်းချခဲ့ပြီး အဆိုပါရောင်းချမှုမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးအတွက် လောင်စာဖြည့်တင်းမှု ချက်ချင်းရပ်တန့် ဖို့ Justice For Myanmar ကတောင်းဆိုခဲ့ပါတယ်။
Interra Resources ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ နှစ်ကုန်အတွင်း စစ်ကောင်စီရဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ထံ ရေနံစည်ပေါင်း ၂ ဒသမ ၃ သန်း ထောက်ပံ့ခဲ့တဲ့ Glodpetrol Joint Operating Company Inc. ကုမ္ပဏီရဲ့ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
စတော့အိတ်ချိန်းထုတ်ပြန်ချက်တွေ၊ ပေါက်ကြားလာတဲ့ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာတွေကို JFM နဲ့ ဗြိတိန်အခြေစိုက် Finance Uncovered သတင်းဌာနတို့ လေ့လာချက်အရ အာဏာသိမ်းမှုဖြစ်ပြီး သုံးနှစ်အတွင်း Interra Resources ဟာ မြန်မာပြည်တွင်းလုပ်ငန်းတွေထံက ဒေါ်လာ ၅၅ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း JFM က ဖော်ပြထားပါတယ်။