သုံးဆယ်မြို့၊ အနောက်သပြေကုန်းရပ်ကွက်တွင် ပြည်သူ့လုံခြုံရေးကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းရန် အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အတွင်း သက်ကြီးပိုင်း အမျိုးသား ၁၀ ဦးရွေးချယ်လိုက်ပြီး သာယာ၀တီ ခလရ ၃၅ တွင် စစ်သင်တန်း ၁ လတက်ရမည်

by

in

သုံးဆယ်မြို့၊ အနောက်သပြေကုန်းရပ်ကွက်တွင် ပြည်သူ့လုံခြုံရေးကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းရန် အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အတွင်း သက်ကြီးပိုင်း အမျိုးသား ၁၀ ဦးရွေးချယ်လိုက်ပြီး သာယာ၀တီ ခလရ ၃၅ တွင် စစ်သင်တန်း ၁ လတက်ရမည်
■ သက်ကြီးပိုင်း အမျိုးသားများ စစ်သင်တန်းတက်နေစဉ် လစာ ၁ သိန်းရရှိမည်ဖြစ်ပြီး သင်တန်းဆင်းလျှင် တစ်ရက်လျှင် နေ့တွက် ၆၈၀၀ ကျပ်ပေးမည်ဟုဆို
ရန်ကုန်၊ ဩဂုတ် ၂၄

ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်၊ သုံးဆယ်မြို့ ၊ အနောက်သပြေကုန်းရပ်ကွက်တွင် ပြည်သူ့လုံခြုံရေးကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အတွင်း သက်ကြီးပိုင်း အမျိုးသား ၁၀ ဦးကို ရွေးချယ်လိုက်ပြီး သာယာ ၀တီမြို့နယ်၊ ခလရ ၃၅ တွင် စစ်သင်တန်း ၁ လတက်ရမည်ဖြစ်ကြောင်း အနောက်သပြေကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်သိန်းက ပြောဆိုလိုက်သည်။
ဩဂုတ်လ ၂၁ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် အနောက်သပြေကုန်းရပ် ကွက်မှ အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အတွင်းရှိ သက်ကြီးပိုင်း အမျိုးသား ၃၆ ဦးကို ဆင့်ခေါ်၍ အစည်းအဝေးလုပ်စဉ် အနောက်သပြေကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။
အနောက်သပြေကုန်း ရပ်ကွက်အတွင်းမှ အမျိုးသား ၁၀ ဦးကို ရပ်ကွက်လုံခြုံ ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွင် ပါဝင်ရန် ခေါ်ယူမည်ဖြစ်ကြောင်း၊ ရပ်ကွက်တစ်ခုလျှင် အမျိုးသား ၁၀ ဦးနှုန်းဖြင့် ရပ်ကွက်လုံခြုံရေးနှင့် အကြမ်း ဖက် နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းရန် အထက်က အမိန့်ပေးလာကြောင်း ၊ လူ ၁၀ ဦးကို မိမိဆန္ဒဖြင့် စာရင်း ပေးလျှင် ပိုကောင်းပြီး စာရင်းပေးသူမရှိလျှင် မဲနှိုက် ရွေးချယ်မည်ဖြစ်ကြောင်း၊ ရွေးချယ်ခံရသူများသည် သာယာ၀တီမြို့နယ် ခလရ ၃၅ တပ်ရင်းတွင် စစ်သင်တန်း ၁ လတက်ရောက်ရမည်ဟု အုပ်ချုပ်ရေးမှူး မြင့်သိန်းက ပြောဆိုအသိပေးခဲ့ကြောင်း သိရှိရသည်။
ရပ်ကွက်အဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ တွင် ပါဝင်သည့် အမျိုးသားများသည် စစ်သင်တန်းတက်နေစဉ် လစာအဖြစ်တစ်လ ၁ သိန်း ရရှိမည်ဖြစ်ကြောင်း၊ စစ်သင်တန်းဆင်းလျှင် တစ်ရက်လျှင် နေ့တွက်ကြေး ၆၈၀၀ ကျပ်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်၊ သုံးဆယ်မြို့ ၊ အနောက်သပြေကုန်းရပ်ကွက်၏ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်အဖြစ် အမျိုးသား ၁၀ ဦးကို ရွေးချယ်ရာတွင် စာရင်းပေးသူ ၁၀ ဦးရှိသည့်အတွက် မဲနှိုက်ခြင်းမရှိကြောင်း၊ စာရင်းပေးသူများတွင် စိတ်ပါလက်ပါ စာရင်းပေးသူးများရှိသကဲ့သို့ အရွယ်ရောက်သားသမီးများ စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့်ရရန်မျှော်လင့်ချက်ဖြင့် စာရင်းပေးသူများလည်းရှိကြောင်း သိရှိရသည်။
ထို့နောက် အနောက်သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးမြင့်သိန်းက စစ်သင် တန်းတက်ရောက်သူများကို ထောက်ပံ့ရန်အတွက် ရပ်ကွက်အတွင်းမှ ကျန်သူများက တစ်ဦးလျှင် လစဉ် ၂၀၀၀၀ကျပ်ပေးဆောင်ရန် ဆုံးဖြတ်ကြောင်း၊ သုံးဆယ်မြို့ရှိ ရပ်ကွက် ၁၃ ခုတွင် အနောက်သပြေကုန်းရပ်ကွက်သည် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ဖွဲ့စည်းသော ပထမဆုံး ရပ်ကွက်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ ဆင့်ခေါ်မှုကြောင့် တပ်သားများအဖြစ် ပြန်လည် ပါဝင်နေရသော သက်ကြီးပိုင်း စစ်မှုထမ်းဟောင်းတချို့။