မြင်းခြံ – တောင်သာလမ်းပိုင်း ညအချိန် အသုံးမပြုဖို့ မြင်းခြံ PDF အသိပေး
ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်းထဲက မြင်းခြံ – တောင်သာ လမ်းပိုင်းကို လာမယ့် မတ်လ အကုန်ထိ ည ၆ နာရီ ကနေ နောက်နေ့ မနက် ၆ နာရီအတွင်း အသုံးပြုသွားလာတာမပြုလုပ်ဖို့ မြင်းခြံခရိုင် PDF အမှတ် (၃)တပ်ရင်းက အသိပေးချက် ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၈ ရက် ရက်စွဲနဲ့ထုတ်ပြန်တဲ့ အသိပေးချက်မှာ လမ်းပိုင်းအသုံးပြုမှု ကန့်သတ်ရတာက ခရီးသွားပြည်သူတွေဘေးအန္တရာယ် မဖြစ်ဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။
“ညဆိုရင် လူမကွဲတော့ဘူး၊ လူလွဲတာ လူမှားတာတို့ ပြည်သူတွေထိခိုက်တာတွေဖြစ်မှာစိုးလို့ထုတ်ပြန်ထားတာပါ ” လို့ မြင်းခြံခရိုင် PDF အမှတ်( ၃) တပ်ရင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လမ်းပိုင်းကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ အသုံးပြုခွင့် ကန့်သတ်ချက်ဟာ လာမယ့် မတ်လကုန်အထိ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ညပိုင်းအချိန် လမ်းအသုံးပြုခွင့်ကန့်သတ်ချက်ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားတာလို့သိရပြီး အခုတစ်ကြိမ်ကတော့ သက်တမ်းထပ်တိုးတာပါ။
မြင်းခြံ ၊ တောင်သာ ၊နွားထိုးကြီးမြို့နယ်တွေ ပါဝင်တဲ့ မြင်းခြံခရိုင်ဟာ အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်စွဲကိုင်တော်လှန်မှု အားကောင်းတဲ့ဒေသတွေဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း မြင်းခြံနယ်ကို မြေပြင်က စစ်ကြောင်းထိုးတာ ၊ဝေဟင်က လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး အခု နောက်ပိုင်းမှာတော့ လူအများအိပ်မောကျချိန်တွေမှာ လူလိုက်ပါတဲ့စက်တပ်လေထီးတွေ သုံးပြီး ဗုံးသီးချ တိုက်ခိုက်တာတွေ ပါ ပြုလုပ်လာပါတယ်။