လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်ရေးလမ်းစမရှိဘူးလို့ NLD ထုတ်ပြန်
ဖေဖော်ဝါရီ ၉၊ ၂၀၂၅
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ အစည်းအဝေးမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးရေး၊ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ မပူးပေါင်းကြဖို့ အပါအဝင် ဆုံးဖြတ်ချက် ၉ ခုကို ဖေဖော်ဝါရီ ၈ ရက် မနေ့ကကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ အစည်းအဝေးမှာ ချမှတ်ခဲ့ပါတယ်။
မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို လုပ်ဆောင်သင့် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းမျိုးစုံအသုံးပြုပြီး ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ကြံစည်နေတဲ့ အတုအယောင်ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကိုသာ တိုးပွားလာစေမဲ့အပြင် ဒေသတွင်းမတည်ငြိမ်မှုတွေ ပိုမိုပေါ်ပေါက်လာစေမှာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ဗဟိုကော်မတီဝင်တွေက လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာတွေ၊ အကြံပြုစာတမ်းတွေ တင်ပြဆွေးနွေးခဲ့ကြပါတယ်။
စစ်အာဏာသိမ်းမှု ၄နှစ်တာကာလအတွင်း NLD ပါတီဝင် ၂,၆၀၀ ကျော် အပါအဝင် နိုင်ငံတစ်ဝန်းက ပြည်သူ ၁၈,၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
