မဲပလီဗျူဟာမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၁၉ဦး KNU ပူးပေါင်းတပ် ဖမ်းမိ
▪️မဲပလီစခန်း စစ်ဆင်ရေးမှ စစ်သုံ့ပန်း ၅၀နီးပါးဖမ်းမိထား
ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေရှိ ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင် ၁၉ဦးကို ဖမ်းဆီးရရှိထားကြောင်း မဲပလီစခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ် တစ်ဦးကအတည်ပြုသည်။
မဲပလီဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁ရက်နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နာရီ အနည်းငယ်အကြာတွင် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံပမ်းနှင့် လက်နက်ခဲယမ်းများလည်း ရရှိခဲ့သည်။
အဆိုပါ ဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများလည်းရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ဦးကို ဖမ်းမိထားကြောင်း သထုံ(ဒူးသထူ)ခရိုင် ဥက္ကဋ္ဌ ပဒိုစိုးမြင့် ပြောကြားချက်ကို ကိုးကားပြီး ကေအိုင်စီ သတင်းဌာနက ဖော်ပြသည်။
ယင်းနှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့ မှ သတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံဖမ်းဆီးနိုင်မှု မှန်ကန်ကြောင်း အတည်ပြုပေးသည်။
“ဒါပေမဲ့ တိုက်ပွဲဖြစ်ချိန် အတိအကျ လက်နက်ရရှိမှု မသိရသေးလို့ပါ”ဟု သတင်းရင်းမြစ်က ပြောသည်။
အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နည်းဗျူဟာ (၂)ဗိုလ်မှူးကြီး သက်လွင်ဦးနှင့် အမှတ် (၄၀၅) ခြေမြန်တပ်ရင်းတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး ဦးစီးအခြေစိုက်ထားသည့် မဲပလီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ဗိုလ်မှူး ၁ဦး၊ ဗိုလ်ကြီး ၁ဦး အပါအဝင် ၂၉ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ဦး အပါအဝင် ၂၉ဦး အရှင်ဖမ်းမိထားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ယခု စစ်သုံပန်း၁၉ဦး ထပ်မံဖမ်းဆီးရရှိခဲ့၍ မဲပလီစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို အရှင်ဖမ်းမိနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါစခန်းမှ ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း (၄၂) လက်နှင့် ကျည်၊ ခဲယမ်းများ သိမ်းရထားကြောင်း KNUက အသိပေးသည်။
ယနေ့ ကေအိုင်စီက ဖော်ပြသည့် သတင်းတွင်လည်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ်များ သိမ်းပိုက်ရရှိထားသည့် မှတ်တမ်းကို တွေ့ရသည်။ ဓာတ်ပုံပါအရ လက်နက်ငယ် ၁၂လက်ထက်မနည်းသိမ်းရခဲ့ခြင်းဖြစ်၍ မဲပလီ စခန်းမှ လက်နက်မျိုးစုံ ၅၄လက်ထက်မနည်း သိမ်းရခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် ဗျူဟာမှူးနှင့် တပ်ရင်းမှူးများလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်အချို့က ပြောကြားထားရာ ယခု ဖမ်းမိစစ်သုံ့ပမ်းများ၌ အဆိုပါ အရာရှိများ ပါမပါ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မဲပလီစခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ထပ်မံ ဖမ်းမိခဲ့ခြင်းနှင့်ပတ်သက်၍ သထုံခရိုင် တပ်မဟာ(၁) တာဝန်ရှိသူ ၁ဦးကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
(မဲပလီစခန်းမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် သိမ်းရသော လက်နက်များ။ ဓာတ်ပုံ – KNLA)