မြန်မာဆယ်လီ ဖြန့်ဖြူးရောင်းချနေသည့် Toki အဆီကျဆေးသကြားလုံးကို တရားမဝင်ဆေးဖြစ်ကြောင်းနှင့် သုံးစွဲရန်မသင့်ကြောင်း ဂျပန်အစိုးရထုတ်ပြန်
ကီရာ
မဇ္ဈိမ။ ။ ဂျပန်ရောက် မြန်မာဆယ်လီတဦး ဖြန့်ဖြူးရောင်းချနေသည့် Toki အဆီကျဆေးသကြားလုံးသည် ဂျပန်နိုင်ငံတွင် တရားမဝင်ဆေးဖြစ်ကြောင်းနှင့် သုံးစွဲရန်မသင့်ကြောင်း ဖေဖော်ဝါရီ ၆ရက် ရက်စွဲဖြင့် ဂျပန်နိုင်ငံ ၊ တိုကျိုမြို့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုသကြားလုံးသည် ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ရောင်းချသော ဆေးဖြစ်ကြောင်းနှင့် စားသုံးပြီးနောက် ဗိုက်နာခြင်း၊ အဖျားတက်ခြင်းများကို ခံစားရကြောင်း စုံစမ်းစစ်ဆေး ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းဆေးသည် အဝလွန်သူများနှင့် ကိုယ်အလေးချိန်လျော့ချလိုသူများအတွက် ရည်ရွယ်အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
ထိုသကြားလုံးကို အသုံးပြုနေပါက ချက်ချင်း ရပ်တန့်ရန်နှင့် ကျန်းမာရေးပြဿနာများ ခံစားနေရသည်ဟု သံသယရှိပါက ဆေးကုသမှုခံယူရန် ထပ်မံအသိပေးထားပြီး ရောင်းချသူကို စုံစမ်းနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုသည်။
အဆိုပါ ဆေးကို ဂျပန်ရောက်ဆယ်လီတဦးဖြစ်သူက ၎င်းဝယ်ယူသောက်သုံးရာမှ အဆင်ပြေသည်ဟု ညွှန်းဆိုပြီးနောက် လူမှုကွန်ရက်မှတဆင့် ရောင်းချနေခြင်းဖြစ်သည်။ ဆေးတွင် Cissus Quadrangularis Extract , Kiwi Extract, Stevia, Chitosan, L-Carnitine, Hibiscus Roselle, Lotus Leaf, Guava Leaf ပါဝင်နေသည်ဟုလည်း ဖော်ပြထားသည်။ ထိုဆေးကို မြန်မာ၊ ဂျပန်၊ ထိုင်း၊စင်ကာပူ၊ လာအို၊ အိုမာန်၊ ဒူဘိုင်းနိုင်ငံများအထိ လက်ခွဲများ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ၎င်းပေစ့်မှ ဖော်ပြထားသည်။ ထို့အပြင် ဗီယမ်နမ် နိုင်ငံတွင်လည်း ဒိုင်းမွန်းအေးဂျင့်အဖြစ် စာချုပ် ချုပ်ဆိုထားရှိထားကြောင်း ၎င်းလူမှုကွန်ရက်တွင် ဖော်ပြချက်အရ သိရသည်။
ယင်းဆေးကို ဝယ်ယူသောက်သုံးဖူးသူ ၁၀ဦးခန့်ကို မေးမြန်းကြည့်ခဲ့ရာတွင်လည်း ကိုးဦးခန့်မှာ ဝမ်းချုပ်ခြင်း၊ အဖျားတက်ခြင်း၊ အသက်ရှုမဝခြင်း နှင့် အစားစားချင်စိတ် မရှိခြင်းများကို ခံစားခဲ့ရသည်ဟု ပြောပြကြပြီး ကျန်တဦးမှာ ဝယ်ထားသော်လည်း မကောင်းသည့်သတင်းများထွက်နေသည့်အတွက် မသောက်ဖြစ်ခဲ့ကြောင်း ပြောသည်။
ဆေးသောက်ပြီးနောက် ၎င်းခံစားခဲ့ရပုံကို ဂျပန်ရောက် မြန်မာလူမျိုးတဦးက “စစသောက်တုန်းက ဘာမှမဖြစ်ပေမယ့် ဒုတိယရက်မှာ စဖျားပါတယ်။ ပါးစပ်တွေလည်းခြောက်၊ နှုတ်ခမ်းလည်းခြောက်သွေ့ပါတယ်။ အစာလည်းစားမဝင်တော့ပါဘူး၊ စားချင်စိတ်ကိုမရှိတာပါ။ လူကလည်း မလန်းဆန်းပါ ။ အဲ့ဆေးသောက်ချချိန်လူက လန်းသလိုလိုပါပဲ ။ ဒါပေမဲ့ နေ့လယ်ပိုင်းရောက်ပီဆိုအဖျားစတက်ပီးအသက်ရှုရမဝသလိုဖြစ်ပါတယ်၊စကားတောင်ပြောချင်စိတ်မရှိပါဘူးရှင့်” ဟု ပြောသည်။
၎င်းတွင် မည်သည့်ရောဂါအခံမှ မရှိသော်လည်း Toki အဆီကျဆေး သောက်ပြီးနောက် သိသိသာသာ ကျန်းမာရေးထိခိုက်မှုများ ရှိခဲ့ပြီး ဆေးသောက်ပြီး ငါးရက်မြောက်နေ့တွင် မျက်ကွင်းများပါ ညိုလာခဲ့သည်ဟု ဆိုသည်။
ထို့အပြင် အခြား ဂျပန်ရောက် မြန်မာတဦးမှလည်း “ မောပြီး ကြပ်တာ ရေလည်း အရမ်းဆာတယ်။ နှုတ်ခမ်းတွေလည်း ခြောက်တယ်။ အစက ကိုယ့်ကိုယ်ကိုယ် ဆေးသောက်လို့ ဖြစ်မှန်းတောင် မသိဘူး။ ညဘက်တွေဆိုရင်လည်း အိပ်မပျော်ဘူး။ ဆေးရပ်လိုက်ရင် သက်သာပြီး ဆေးပြန်သောက်တာနဲ့ အဲ့လိုတွေ ပြန်ပြန်ဖြစ်တာ။ ဆေးခန်းမှာ အိပ်ဆေးတွေပါ တောင်းပြီး သောက်ရတဲ့အထိပဲ”ဟု ၎င်းက ပြောပြသည်။
အဆိုပါဆေးကို နှစ်ထုပ် ယန်း ၇၀၀၀( မြန်မာကျပ်ငွေ ၂၀၀,၀၀၀)ခန့်ဖြင့် ဝယ်ယူခဲ့ရပြီး ဆေး လေးလုံးခန့်သောက်ပြီး ဆက်မသောက်ဘဲ ရပ်ပစ်လိုက်ရသည်ဟု ၎င်းက ဆက်လက် ပြောပြသည်။
“ကျွန်တော်တို့က သူ့ကိုဦးတည်ပြီး တိုင်တာမျိုး မဟုတ်ပါဘူး။ ဒီဆေးက ဘယ်လိုဆေးဖြစ်တယ်၊ ဒီဆေးက အန္တရာယ်ရှိတယ်ဆိုတာမျိုးကိုတော့ ရဲကို အသိပေး တိုင်ထားပါတယ်။ ဒီလို ဆေးမျိုးကိုလည်း မြန်မာကလူတွေကော ဂျပန်ရောက်မြန်မာတွေကိုတော့ ဘယ်သူ့ကိုမှ မသောက်စေချင်ဘူး ။ အန္တရာယ် မဖြစ်စေချင်ဘူး” ဟု ဇန်နဝါရီ ၂၇ရက်က သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုင်ကြားမှု ပြုလုပ်ခဲ့သူ ဂျပန်ရောက်မြန်မာတဦးက ပြောသည်။
ထိုဆေးသည် ဂျပန်နည်းပညာဖြင့် ထုတ်လုပ်သည့် ဗီယက်နမ်နိုင်ငံထုတ် အဆီကျဆေးဖြစ်သည်ဟုလည်း ရောင်းချသူက လူမှုကွန်ရက်တွင် ပြောကြားထားသည်။ ဂျပန်နိုင်ငံ တိုကျို ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းသည် ဆေးဝါးနှင့် ဆေးပစ္စည်းများထိန်းချုပ်မှုဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
ပုံအညွှန်း- ဂျပန်အစိုးရ တားမြစ်ထားသည့် အဆီကျဆေးနှင့် ထိုဆေးရောင်းသည့် လူမှုကွန်ရက်
#Mizzima
#အဆီကျဆေး
#ဆယ်လီ